Posts

Showing posts from 2013

နယုန်

ဘယ်မှ မရောက်တဲ့ လမ်းပါ ကိုယ့် စွဲလန်းစိတ်က မခွဲခွာနိုင်တဲ့ ခြေလှမ်းတွေ။ နယုန် . . ပေါက္ခရ၀ဿမိုး တိုးတိုးလေး ကိုယ့်ရင်မှာရွာပါ။ မနက်ဖြန်ရောက်ရင် မြက်ခင်း စိမ်းစိမ်းလေးတွေအကြောင်းပြောရအောင် . . ကိုယ့်ကို ဖုန်းခေါ်ပါ  . .။ နယုန် . . တိမ်တွေကို မင်းရွေ့ပစ်လိုက်ချိန်မှာပဲ အိပ်မက်က လန့်နိုးခဲ့တယ်။ ကိုယ်က ဆက်လျှောက်နေမိဆဲ တစ်ယောက်ထည်း။

နံနက်ခင်း

သိစိတ်မတိုင်ခင် ဒဏ်ရာ က အရင်နိုးနှင့်တယ်။ ကုန်ဆုံးသွားတဲ့ မနေ့က ဟာ မနက်ဖြန်မှာကြိုစောင့် နေဦးမှာပဲ။ ကြည့်မှန်ထဲ မြင်နေရတဲ့အပြုံးမှာလည်း အမုန်းတွေနဲ့ခါးသက်နေဆဲ။ စစ်ပွဲသွားဖို့ မရှိတဲ့အတွက် မြှားတွေကို သတိမထားမိခဲ့တဲ့ အားနည်းချက်ပဲကွယ် အခုတော့ စစ်ရှုံးသွားတဲ့အတွက် မြင်းခွာတွေကိုပဲ အပြစ်ဖို့လိုက်ရသတဲ့။ ညက ကုန်ဆုံးသွားပေမယ့် အမှောင်က အဆုံးမသတ်တဲ့ ပြဿနာတစ်ခုရှိနေတယ် . . . ဒီမှာ။

မရှိခြင်းသက်သက် မေ

နှုတ်ဆက်ပါတယ် မေ . . . ဘယ်အမှတ်တရကိုမှ ဆက်လက်မှတ်သားထားဖို့ အင်အားမရှိတော့ သမို့။ နှုတ်ဆက်ပါတယ် အဝေးက လွမ်းဆွတ်ခြင်းများ နီးစပ်ခဲ့ခြင်း၏ အစွန်းအထင်းများ မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာများ ဖြေရှင်းရန် ကြွင်းကျန်ခဲ့သော ၀ဋ်ကြွေးများ ရန်ညှိုး အမုန်းတရားများလည်း ကျေအေး လွင့်စင်သွားပါစေ . . . ကိုယ် နှုတ်ဆက်ပါတယ် မေ . . လက်နက်ချဖို့ လိုအပ်ချိန်မှာ လက်နက်ချခဲ့ပြီး မျှော်လင့်မိသမျှ လောင်ကျွမ်းကုန်ဆုံး ကိုယ့်အရိပ်ထဲက အမှောင်မှာ လုံအောင်ပုန်းရင်း စိတ္တဇနဲ့ ဂီတ ခွဲခြားမသိတဲ့ စိတ် . . . သည်အခန်းဟာ အတိတ်ပဲဆိုပါတော့ ကိုယ်တံခါးပိတ်လိုက်ပါပြီ။ မေ . . . နောက်တစ်နှစ်ဟာ နောက်တစ်ဘ၀လည်းဖြစ်ချင် ဖြစ်မယ် ဆက်ဆက်ရောက်လာမယ့် မိုးရေစက်တွေပေမယ့် တစ်ချိန်က ထီးတစ်လက်ကတော့ သေဆုံးသွားခဲ့ပြီလေ . . .။ အခုခြောက်ခြားနေခဲ့မိတာလည်း ဘယ်တုံးကမှ မမက်ဖူးတဲ့ အိပ်မက် ကိုယ်ကျဆုံးခဲ့တယ်ဆိုတာဟာလည်း ဘယ်တုံးကမှ မဖြစ်ခဲ့တဲ့ စစ်ပွဲတပွဲ သည်တစ်ညအတွက်တော့ နှစ်ချိုက်စွာ အိပ်စက်နိုင်ဖို့ပဲ ကိုယ် အလိုရှိခဲ့တယ် တိတ်ဆိတ်စွာ ကုန်ဆုံးသွားလိုက်တော့ ကိုယ့်ရဲ့ စိတ္တဇ မေ . . ။  နှုတ်ဆက်ပါတယ် မေ  . . .

မုန်းတာ

ခင်ဗျားရဲ့ ကျဆုံးခန်းအတွက် လူ ဘယ်လောက်များများ ၀မ်းသာခဲ့သလဲ။ ကျနော် ငိုခဲ့တယ် ကျနော် ရယ်ခဲ့တယ် အမှားတွေ အကြောင်းပြောရင်း အမှန်တွေ မေ့သွား၊ နောက်ထပ် ဘယ်တော့မှ သတိပြန်မရ ဘယ်တုံးကမှ အမှန်ဆိုတာ မရှိကြောင်း ယုံကြည်သွားရတဲ့ အထိ။ လူမျိုးရေးမရှိဘူး ကိုယ်ကြိုက်တဲ့ ၀တ်ပြုနည်းနဲ့ ဆုတောင်းလို့ရတယ် ချစ်ခြင်းမေတ္တာမှာတော့ လိုချင်တာလေး တစ်ခုကလွဲလို့ ငါးကြီးကြီးရမှ သဲသဲမည်းမည်းအသည်းစွဲပြတတ်တဲ့ အစားထဲမပါ။ ငွေရှိမှဆို အလာဒင်းလိုပဲ နံရံမှာ ဓာတ်ပုံအပြည့်ကပ်ဖို့ကြိုးစားမှာပေါ့ သစ္စာရှိရတာ မဟန်တယ်။ ဆင်ခြင်တုံတရားကို စွန့်ပစ်လိုက်တော့မယ် ခံစားရတဲ့အတိုင်း တုံ့ပြန်တာ ပိုအဆင်ပြေတယ်ပေါ့ ထိကရုန်းတွေလို ဟန်ပြမဟုတ်တော့ဘူး ကိုယ်က ရိုးသားတယ် ဒါပေမယ့် ခွင့်မလွှတ်တတ်တာခက်။ ကျနော် လဲပြိုသွားတော့ သူတို့ပြုံးကြတယ်.. အားနာနာနဲ့ ပြန်မထဖြစ်တာ အခုထိပဲ ဒါ သိပ်ချစ်လွန်းလို့တော့ ဘယ်တုံးကမှမဟုတ်ဘူး။

သူမအဓိပ္ပါယ်နဲ့ည

ကကြီးက အ အဆုံး ဘယ်အက္ခရာကို အမုန်းဆုံးဖြစ်မှာလဲ ကြယ်ကြွေဆုတောင်းဆိုတာ အလိုမပြည့်မှုတွေကို မှိုင်းတိုက်တဲ့ ပုံပြင်ဟောင်းတစ်ပုဒ်လို့ ဆိုမယ်။ တိုက်ဆိုင်မှုဆိုတာမျိုးကလည်း ကံကြမ္မာဆိုးတွေနဲ့မှ တည့်တည့် နေတတ်တာ အံသြဖွယ်ရာ။ လိုရင်းရောက်အောင်စောင့်ရင်း မင်းငြင်းသံတွေပဲ နံရံမှာ ကပ်တွယ် မျက်လွှာတွေကို ပိတ်နိုင်ဖို့ အမှောင်ကို ကိုယ့်အတွက် ပိုတောင်းချင်လို့လည်း မရနိုင်ခဲ့။ မင်းလည်းမင်းသီချင်းနဲ့မင်း ငါ့လည်းငါ့နာကြင်မှုနဲ့ငါ သည်မှာ ညီမလေးရဲ့...ချစ်ခြင်းမေတ္တာဆိုတာ...သည်လိုအစချီပြီး ငိုပြ၊ ရယ်ပြ ရုပ်ကြမ်းပေမယ့် စိတ်နုခဲ့ပါကြောင်း မဖွဲ့နွဲ့လိုတော့ပါ။ ငွေပေးပြီးသတ်ဖို့ ဆိုတာကလည်း တစ်လျှောက်လုံးလုံးဆိုးသွမ်းနေတာက ကိုယ့်နှလုံးသား အရှင်လတ်လတ်ကြီးပါ အချစ်ရယ်။ ထမ်းခဲ့ရသမျှ သည်အတ္တတွေကပဲ မင်းနဲ့ဝေးရာ တွန်းတွန်းပို့နေခဲ့ ကိုယ့်သဘောကိုယ်ဆောင်ရတာ ပိုကောင်းတယ်။ သည်နေ့ရော....မင်းအလုပ်တွေရှုပ်နေတုံးပဲလား။ တိုင်ကြားရန် ဖုန်းနံပါတ်ဆိုတာကြီးကိုက စိတ်ရှိတိုင်း အနိုင်ကျင့်ရဖို့ အရိုးရှင်းဆုံး လှည့်ကွက် တစ်ခုထက်မပိုခဲ့တာ........။

အိမ်စာ

ဘာသတင်းစကားမှ ထပ်ရောက်မလာတဲ့ သေတ္တာဟောင်းလောင်းလေးကို ငေးမိတယ်။ လိုချင်တာတချို့ရှိပေမယ့် ဒါတွေ ကိုယ့်အတွက်လို့ မသေချာတော့တာ ခက်။ တပို့တွဲဆိုပေမယ့် ရင်ထဲမှာက မိန်ရာသီ တံလျှပ် တိမ်တွေ အငွေ့ပျံနေတယ်.. ကောင်းကင် ကိုရင်ခုန်ကြည့်တော့လည်း အတွေးထဲ အပြာ။ ဒီနေ့အဖို့တော့ မိုးမရွာတာသေချာခဲ့ပြီ ဖွင့်ထားတဲ့ ထီးကိုပိတ် အရိပ်ကိုလှမ်းကြည့်မိ။ လမ်းမှာ လမ်းအပြင် ဘာရှိဦးမှာလဲ . . . .။ ခြေဖ၀ါးကို အားနာမိ၊ ခရုကလေးတွေက ကိုယ့်ထက်ပိုရွေ့နေသလား ငါးစာအကြောင်းပြောသံကြားပေမယ့် ငါးမျှားချိတ်က စိတ်ပြောင်းသွားတယ်။ တနင်္ဂနွေနေ့ဆို စိတ်တွေက လေတံခွန်လိုပဲ.. အလုပ်တွေကို ကြိုးရှည်ရှည်လှန်ပြီး . . ငါပျံသန်းချင်လိုက်ချင်ရဲ့ကွယ်။

ညနေခင်းအကြောင်းပြောတဲ့အခါ

အဆက်စပ်မရှိ သူစပြောတယ် .. . . ကွန်မြူနစ်တွေကိုမုန်းတာ ရေပေါ်ဆီတွေကိုမုန်းတာ ဒီမိုကရက်တစ်တွေကိုမုန်းတာ သူတော်တော်များများ မုန်းနေပြီဆိုတော့ ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ.. ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။ နားထောင်နေလား သူထပ်မေးတယ် . . . အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ် သူ့ကိုကျော်ကြည့်မိတော့ ကိုယ်ဘာမှ မမြင်မိဘူး။ စကားလုံးတွေ ကြီးလာလေလေ ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ် စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ ဒါနိုင်ငံရေးမဟုတ်တဲ့အတွက် ပရိယာယ်များများမလို ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက် တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ် သည်နေ့အဖို့ စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ် သူမရဲ့ ရနံ့ကတော့ သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။

ဘဝ

အခုအိပ်မက်ထဲမှာလား ငါပြန်မနိုးချင်ဘူး... ဘယ်ရောက်နေတာလဲ .. သည်အမေးကို ဖြေဖို့ ကိုယ့်ကိုယ်ကိုယ် မြေပုံမှာ ရှာမတွေ့ဘူး သူ .. ခွဲခွာသွားပုံကို မမြင်ရဲသမို့ ကိုယ်လိုက်မပို့ဖြစ်ခဲ့ဘူး အခုနိုးထနေတာလား ငါပြန်မအိပ်ချင်ဘူး ကိုယ်ရောက်နေတဲ့ နေရာဟာ သူ့မြေပုံမှာ မရှိဘူး . . . ကိုယ်ဘယ်မှာလဲလို့ သူလိုက်မရှာခဲ့ဘူး ဆိုက်ရောက်လာခဲ့စဉ်မှာ ကြိုဆိုခဲ့ပေမယ့် ကိုယ်နှလုံးသားမှာ အခြေချဖို့ သူ့မှာ ဆန္ဒမရှိတော့ဘူး။ အစွဲအလန်းကြီးလွန်းတယ်. အပြောင်းအလဲတွေမလိုချင်ဘူး မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတဲ့နောက် အစဉ်အလာကို ဆက်လက်ဆုပ်ကိုင်ဖို့ အလိုမရှိတော့ဘူး။ ချစ်ခဲ့မိတာလား . . တိမ်တွေက မလှည့်စားတတ်ဘူး လေတိုက်နှုန်းအတိုင်း ရွေ့လျှား ပုံရိပ်တွေကို ကိုယ်ယုံမှားနေတာပဲဖြစ်တယ်။ နောက်တစ်ချပ်ကို . . ဒေါင့်ခွန် ပစ်မတဲ့ .. ကိုယ်မစားဖြစ်ခဲ့ဘူး။

ညနေခင်းအကြောင်းပြောတဲ့အခါ

အဆက်စပ်မရှိ သူစပြောတယ် .. . . ကွန်မြူနစ်တွေကိုမုန်းတာ ရေပေါ်ဆီတွေကိုမုန်းတာ ဒီမိုကရက်တစ်တွေကိုမုန်းတာ သူတော်တော်များများ မုန်းနေပြီဆိုတော့ ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ.. ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။ နားထောင်နေလား သူထပ်မေးတယ် . . . အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ် သူ့ကိုကျော်ကြည့်မိတော့ ကိုယ်ဘာမှ မမြင်မိဘူး။ စကားလုံးတွေ ကြီးလာလေလေ ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ် စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ ဒါနိုင်ငံရေးမဟုတ်တဲ့အတွက် ပရိယာယ်များများမလို ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက် တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ် သည်နေ့အဖို့ စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ် သူမရဲ့ ရနံ့ကတော့ သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။

သူ့ကို . . .

အခန်းထဲ အပြည့် အသဲကွဲသီချင်း . . . စွန့်လွှတ် ဆုံးရှုံး .. အစချီ ရှိရှိသမျှ လမ်းခွဲစကားလုံးတွေနဲ့ မသက်ဆိုင် ငါမပိုင်ဆိုင်ခြင်း တစ်ခုတည်းကိုပဲ ငါပိုင်ဆိုင်နေရတာ ပြန်ဝမ်းနည်း ကြေကွဲရုံသက်သက် . . ။ ရီဝေေ၀ အကြည့်တွေမမေ့ခဲ့ဘူး မင်း သိပ်မူးနေပြီလား အချစ် . . တကယ်က ကိုယ်မမေးမိဘူး . . .။ သူ့ထွက်သက်ကလေးကို ရှိုက်သွင်းကျေနပ် ဇာတ်လမ်းတလျှောက် ငါအစွဲလန်းဆုံးကို ငါမသိ . .မသိခြင်းကိုတောင် အဓိပ္ပါယ်ဖွင့်ဖို့ ငါမသိခဲ့။ သိပ်နွေးထွေးတဲ့ စာမျက်နှာ သူ့ကို စိမ့်စိမ့်ဖတ်ရှုကျေနပ်ရတာက၊ တဖက်သတ်တဲ့ . . သည်လိုပဲ ငါကျေနပ်နေလိုက်တော့တယ်။

ပျော်ရွှင်ခြင်း အဓိပ္ပါယ်

ငါ့စိတ်နောက်ကို ငါလိုက်ခဲ့တာပဲ ငါပျော်ရွှင်နေတယ် ထင်ရင် မှားမယ်။ ချစ်ကျွမ်းဝင်ခဲ့ပြီးနောက် လမ်းခွဲပြီးနောက် ပြန်ဆုံတွေ့ပြီးနောက် တမြေစီဝေးခဲ့ပြီးနောက် အတူတူနေခဲ့ပြီးနောက် ခါးခါးသီးသီးမုန်းတီးခဲ့ပြီးနောက် ဘယ်အဖြစ်အပျက်နောက်မှာပဲဖြစ်ဖြစ်ကွာ ငါပျော်ရွှင်နေတယ် ထင်ရင် မှားတာချည်းပဲ . . . ငါကျဆုံးတယ် ကိုယ့်ကိုယ်ကိုယ်ပြန်ကောက်ပြီး ခပ်တည်တည်လှည့်ထွက်ခဲ့တာပဲ ငါပျော်ရွှင်နေတယ် ထင်ရင် မှားနေသေးတယ်။ အဲသည့်နေ့က မနက်စောစော အဝေးကပြန်ရောက်လာတော့ မင်းအိပ်ပျော်နေတယ် မှုန်ပြပြ အလင်းအောက်မှာ ရုတ်တရက်လန့်နိုးလာတဲ့ မင်းမျက်နှာ. . .။ ငါပျော်ရွှင်နေတယ် ထင်ရင် မင်း မှားတယ်။ အဖြစ်အပျက်အားလုံးအတွက် ငါဘယ်တုံးကမှ ၀မ်းမနည်းခဲ့တာတော့ အမှန်ပဲ။

ရည်းစားဟောင်းဖတ်ဖို့ အချစ်ကဗျာ

အခုနင့်ဖုံးကိုခေါ်ခွင့်မရှိတော့တဲ့ငါ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်အတွက် ဆန္ဒပြရမလား . .။ နင်နဲ့ငါရဲ့ ဇာတ်လမ်းဟောင်းတွေကို  ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံလို စာအုပ်တစ်အုပ်ထုတ်ရမှာလား။ စိတ်ကျရောဂါ တစ်ခြမ်း လွတ်လပ်ချင်တဲ့ အရင်းနှီးကြီးတယ် သံယောဇဉ် ကို မြတ်နိုးလျက်နဲ့ သံယောဇဉ် အဖြတ်ခံရတဲ့ မျက်ခွက်ကို မှန်ရှေ့ဖြတ်တောင် အမှတ်တမဲ့ မကြည့်ဖြစ်ခဲ့။ နင်က တခြားတစ်ယောက်ကို ပိုချစ်သတဲ့ ကြေးနီသိုက်တစ်ခုအတွက် ပစ်ခဲ့တဲ့ ဗုံးတလုံးလို ငါ့ရင်ထဲ မီးစွဲကျန်ခဲ့ ရက်စက်နိုင်လောက်တဲ့ ခွန်အားကို တစ်ဖက်နိုင်ငံက ရခဲ့ကြောင်း ငါကောင်းကောင်း နားလည်။ သုံးပွင့်ဆိုင်အဖြစ်မှာ တစ်ယောက်ကအမြဲစစ်ရှုံး ကြည့်လေ နင်တို့ လင်းဖို့ စွမ်းအင်အတွက် ငါ့မျှော်လင့်ခြင်း သယံဇာတတွေ စတေးခဲ့ရပြီး ငါ့မြို့ကလေးကိုကျ ချေးငှားရတဲ့ ငွေနဲ့မီးပေးနေရပြီ။ ဒါနဲ့ စိတ်ကျရောဂါရခဲ့သတဲ့ ဒါနဲ့ အမုန်းတွေက သူမ မနှစ်သက်တဲ့နှုတ်ခမ်းမွှေးတွေလို လွှတ်တော်က စက်ဆုပ်တဲ့ ဒေါက်တာဆိတ်ဖွားလို အကျည်းတန်တန် ထိုးထောင်နေသတဲ့ ငါ ခွင့်မလွှတ်တာသေချာတယ်.. ပြောကြည့် တခြား ဆီလျှော်ရာ အကြောင်းအရာတခုခု ပြောကြည့်လေ . . . သည်အဖြစ်က သည်နိုင်ငံလိုပဲ အရာ...

ဒဏ်ရာ

သတိရနေရုံပဲ ငါတတ်နိုင်တယ်... ကျန်တာတွေကတော့ ကံကြမ္မာအတိုင်းပေါ့ စကားတွေအများကြီး ပြောဖြစ်ပေမယ့် တစ်ယောက်နှလုံးသားကိုတစ်ယောက် အပြန်လှန် ရှာဖွေဖို့ပျက်ကွက်ခဲ့တယ်။ ချဉ်းကပ်လမ်းအလွဲမှာ ဝေးလွင့်အဆုံးသတ် စစ်ပွဲတွေရပ်တံ့သွားရင်တောင် ရန်ညှိုးတွေ တဖြတ်ဖြတ်လွင့်နေဦးမှာ ဘ၀ကိုမုန်းခဲ့တယ် ပွဲတော်နဲ့ မသက်ဆိုင်တဲ့ အကြွေစေ့လေးလို . . ကိုယ့်သဘောနဲ့ကိုယ် မရွေ့နိုင်တဲ့ သစ်ရွက်အသေလေးလို . . . အလင်းကို မတို့ထိဝံ့တဲ့ အမှောင် ကျင့်သားရမျက်ဝန်းတွေလို . . . ဖြစ်စဉ်က ဇာတ်ညွှန်းကိုဖြိုခွဲ သွားပြီးနောက်. . . ငါ့ရဲ့ အလင်းမဲ့ လောင်ကျွမ်းခြင်းကို ကြယ်တွေရှုံးနိမ့်သွားပြီ . . . . .။

မလွတ်မြောက်ခြင်း အိပ်မက်

လွင့်ထွက်သွားမှာစိုး အားကိုးတကြီး ဆုပ်ကိုင်ထားမိတဲ့ လက်ဖ၀ါးထဲ ကိုယ်မြင်ရတာ ဓားသွားချည်းသက်သက်။ မိုက်မဲတဲ့ စိတ်ကူးဟာ ရူးသွပ်နာကျင်နေတဲ့ ဦးခေါင်းထဲ ခုန်ပေါက် အော်ဟစ်နေဆဲ . . .။ ငါလွှတ်ချလိုက်တော့မယ် တူရှု့မှာ တိမ်တွေမြင်ရတယ် နောက်ကျောမှာ ဘာရှိမှာလဲ . . . ဒါအဆုံးသတ်သွားရင် ငါ အဆုံးသတ်သွားမှာလား . . . ဒုက္ခတော်တော်များများဟာ ပြန်ပြောပြခွင့်ရှိတဲ့ အခါမျိုးမှာတော့ ခမ်းနားတဲ့ ဒဏ္ဍာရီတွေပဲ။ အဲသည့်အခိုက်အတံ့တုံးက တွေးမိတယ်.. မနက်ဖြန် ဆိုတဲ့ စကားလုံးလှလှလေးကိုပဲ ဒါကို မျှော်လင့်ခြင်းလို့ အမည်တပ်ခဲ့တယ် . . .။

လွမ်းနေမိတယ်

တွေဝေနေမိတော့ သူကမေးတယ် . . . . . . . . . . . . . . . . လွမ်းဆွတ်တတ်သူတွေနဲ့ အနေနီးခဲ့လို့ဖြစ်မယ် ကိုယ်လည်း လွမ်းနေမိတယ်။ လမ်းခွဲသွားတဲ့ သူ့ကို မဟုတ်ရသလို ချစ်လျက်နဲ့ဝေးခဲ့ရသူကိုလည်း မဟုတ်ရပါဘူး ပိုင်ဆိုင်ဖူး ဆုံးရှုံးဖူးမှ လွမ်းရတာလည်း မဟုတ်ရပြန်ဘူးကွယ်။ ဘယ်တုံးကမှမရှိဖူးတဲ့ စိတ်ကူးလေးတစ်ခုလိုပေါ့ ဘယ်လို ပြောပြရမယ် ကိုယ်မသိခဲ့ဘူး။ ဘဝမှာ ကြယ်ကလေး တစ်စင်းခူးဖူးတယ် နောက်ထပ် ဖူးပွင့်လာဦးမယ် အထင်နဲ့။ အဲသည်ကစ သည်းသည်းမည်းမည်း မှောင်မိုက်နေတဲ့ ညတွေနဲ့ အချိန်ရှိတိုင်းလွမ်းနေရတော့တာပါပဲ။