ပျော်ရွှင်ခြင်း အဓိပ္ပါယ်
ငါ့စိတ်နောက်ကို ငါလိုက်ခဲ့တာပဲ ငါပျော်ရွှင်နေတယ် ထင်ရင် မှားမယ်။ ချစ်ကျွမ်းဝင်ခဲ့ပြီးနောက် လမ်းခွဲပြီးနောက် ပြန်ဆုံတွေ့ပြီးနောက် တမြေစီဝေးခဲ့ပြီးနောက် အတူတူနေခဲ့ပြီးနောက် ခါးခါးသီးသီးမုန်းတီးခဲ့ပြီးနောက် ဘယ်အဖြစ်အပျက်နောက်မှာပဲဖြစ်ဖြစ်ကွာ ငါပျော်ရွှင်နေတယ် ထင်ရင် မှားတာချည်းပဲ . . . ငါကျဆုံးတယ် ကိုယ့်ကိုယ်ကိုယ်ပြန်ကောက်ပြီး ခပ်တည်တည်လှည့်ထွက်ခဲ့တာပဲ ငါပျော်ရွှင်နေတယ် ထင်ရင် မှားနေသေးတယ်။ အဲသည့်နေ့က မနက်စောစော အဝေးကပြန်ရောက်လာတော့ မင်းအိပ်ပျော်နေတယ် မှုန်ပြပြ အလင်းအောက်မှာ ရုတ်တရက်လန့်နိုးလာတဲ့ မင်းမျက်နှာ. . .။ ငါပျော်ရွှင်နေတယ် ထင်ရင် မင်း မှားတယ်။ အဖြစ်အပျက်အားလုံးအတွက် ငါဘယ်တုံးကမှ ၀မ်းမနည်းခဲ့တာတော့ အမှန်ပဲ။