သူမအဓိပ္ပါယ်နဲ့ည

ကကြီးက အ အဆုံး
ဘယ်အက္ခရာကို အမုန်းဆုံးဖြစ်မှာလဲ
ကြယ်ကြွေဆုတောင်းဆိုတာ
အလိုမပြည့်မှုတွေကို မှိုင်းတိုက်တဲ့ ပုံပြင်ဟောင်းတစ်ပုဒ်လို့ ဆိုမယ်။

တိုက်ဆိုင်မှုဆိုတာမျိုးကလည်း
ကံကြမ္မာဆိုးတွေနဲ့မှ တည့်တည့် နေတတ်တာ
အံသြဖွယ်ရာ။
လိုရင်းရောက်အောင်စောင့်ရင်း မင်းငြင်းသံတွေပဲ
နံရံမှာ ကပ်တွယ်
မျက်လွှာတွေကို ပိတ်နိုင်ဖို့
အမှောင်ကို ကိုယ့်အတွက် ပိုတောင်းချင်လို့လည်း မရနိုင်ခဲ့။

မင်းလည်းမင်းသီချင်းနဲ့မင်း
ငါ့လည်းငါ့နာကြင်မှုနဲ့ငါ
သည်မှာ ညီမလေးရဲ့...ချစ်ခြင်းမေတ္တာဆိုတာ...သည်လိုအစချီပြီး
ငိုပြ၊ ရယ်ပြ
ရုပ်ကြမ်းပေမယ့် စိတ်နုခဲ့ပါကြောင်း
မဖွဲ့နွဲ့လိုတော့ပါ။

ငွေပေးပြီးသတ်ဖို့ ဆိုတာကလည်း
တစ်လျှောက်လုံးလုံးဆိုးသွမ်းနေတာက
ကိုယ့်နှလုံးသား အရှင်လတ်လတ်ကြီးပါ အချစ်ရယ်။

ထမ်းခဲ့ရသမျှ သည်အတ္တတွေကပဲ
မင်းနဲ့ဝေးရာ တွန်းတွန်းပို့နေခဲ့
ကိုယ့်သဘောကိုယ်ဆောင်ရတာ ပိုကောင်းတယ်။
သည်နေ့ရော....မင်းအလုပ်တွေရှုပ်နေတုံးပဲလား။
တိုင်ကြားရန် ဖုန်းနံပါတ်ဆိုတာကြီးကိုက
စိတ်ရှိတိုင်း အနိုင်ကျင့်ရဖို့
အရိုးရှင်းဆုံး လှည့်ကွက် တစ်ခုထက်မပိုခဲ့တာ........။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ