Posts

Showing posts from January 3, 2010

အမှတ်မရခဲ့တဲ့ စာစီစာကုံး

နိဒါန်း။ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်စာမေးပွဲမှာ မဖြေဖြစ်ခဲ့တဲ့ စကားပြေတစ်ပုဒ် အကြောင်းသာဖြစ်ပါတယ်။ ၁။ အမှန်တရားဆိုတာကလည်း Geology သင်တဲ့ဆရာမလို ပြုံးမြဲပြုံပြီး လှနေတတ်တာ မျိုးမဟုတ်ခဲ့ပါဘူး။ Law Canteen ကထွက်လာခဲ့တော့ ကဗွီးပင်တွေရဲ့ အရိပ်တွေက အလျားလိုက် လမ်းမပေါ် လဲကျနေပြီ။ သမိုင်းလမ်းဆုံဘက်က ဖြတ်သွားတဲ့ ၃၆ ဘတ်စ် ကား တွေကို ကျွန်တော်တို့က ၃၆အနီ လို့ခေါ်ပါတယ်။ အဲသည့်ကားတွေဟာ မြေနီကုန်းဘက်က ပတ်သွားတဲ့ ကားတွေလောက် အစီးရေမများတဲ့အတွက် သိပ်ကိုရှားတယ်။ ကျွန်တော်တို့ King Tea မှာသံပုရာရည်သောက်ရင်း ဒါမှမဟုတ် အအေးတစ်ခုခုသောက်ရင်း အကြာကြီး၊ အကြာကြီးဆိုပေမယ့် ကျွန်တော့်အတွက်တော့ ခဏလေးလိုပါပဲ..စောင့်ကြရတယ်။ ကျွန်တော့်ကဗျာလေးတွေကို သူမကဖတ်ပြီး၊ သူမအပြုံးတွေကို ကျွန်တော်က ဖတ်ပါတယ်။ တခါတရံ သူမက ကဗျာတွေကို နားမလည်ဘူးလို့ ပြောလေ့ရှိပြီး၊ ကျွန်တော်ကတော့ သူမအပြုံးတွေထဲ မှာ လွင့်မြောနေလေ့ရှိပါတယ်။ သူမဟာ မလှပါဘူး၊ ကျွန်တော့်အထင်လည်းဖြစ်နိုင်ပါတယ်။ သူမကိုဘယ်လိုပဲကြည့်ကြည့် ကျွန်တော့်စိတ်ထဲမှာ လှတယ်လို့မှတ်ယူရလောက်တဲ့ တစုံတရာ ကို ရှာမရနိုင်ခဲ့ဘူး။ ဒါပေမယ့် သူမရဲ့မျက်နှာလေး ဟာ ဟန်ချက်ညီလွန်းပါတယ်။ သူမ ပင့်...