Posts

ဒဏ်ရာ

Image
  သတိရနေရုံပဲ ငါတတ်နိုင်တယ်... ကျန်တာတွေကတော့ ကံကြမ္မာအတိုင်းပေါ့ စကားတွေအများကြီး ပြောဖြစ်ပေမယ့် တစ်ယောက်နှလုံးသားကိုတစ်ယောက် အပြန်လှန် ရှာဖွေဖို့ပျက်ကွက်ခဲ့တယ်။ ချဉ်းကပ်လမ်းအလွဲမှာ ဝေးလွင့်အဆုံးသတ် စစ်ပွဲတွေရပ်တံ့သွားရင်တောင် ရန်ညှိုးတွေ တဖြတ်ဖြတ်လွင့်နေဦးမှာ ဘဝကိုမုန်းခဲ့တယ် ပွဲတော်နဲ့ မသက်ဆိုင်တဲ့ အကြွေစေ့လေးလို . . ကိုယ့်သဘောနဲ့ကိုယ် မရွေ့နိုင်တဲ့ သစ်ရွက်အသေလေးလို . . . အလင်းကို မတို့ထိဝံ့တဲ့ အမှောင် ကျင့်သားရမျက်ဝန်းတွေလို . . . ဖြစ်စဉ်က ဇာတ်ညွှန်းကိုဖြိုခွဲ သွားပြီးနောက်. . . ငါ့ရဲ့ အလင်းမဲ့ လောင်ကျွမ်းခြင်းကို ကြယ်တွေရှုံးနိမ့်သွားပြီ . . . . .။

နေ့များ

Image
  ဒီသံလမ်းပေါ်မှာ ပြေးလွှားနေသမျှတော့ ဒီဘူတာအပြင် အခြားမရှိတော့ ငါဟာ ရထားတစ်စင်းပဲပေါ့ အချစ်ရေ ဝေးရာကို စွန့်ခွာခုတ်မောင်းရင်း မင်းထံမှာ ပြန်လည်ဆိုက်ကပ်ရင်း ရမ္မက်တွေ မီးခိုးတလူလူနဲ့ ကိုယ့်အတွက်မဟုတ်တဲ့ ခိုနားရာမှာ အကြိမ်ကြိမ်ရပ်တံ့ဖို့ ကြိုးစားရင်း တခြားတဖက်မှာလည်း အဝေးဆုံးပြေးထွက်ရင်း ကိုယ်ဟာ အဓိပ္ပါယ်မဲ့ခြင်းများနဲ့ ရထားတစင်းပဲပေါ့ လမ်းဟာ လမ်းမဟုတ်တော့တဲ့ အကျဉ်းကျခြင်းသာ ဖြစ်ခဲ့တော့။

မရှိခြင်းသက်သက်မေ

Image
နှုတ်ဆက်ပါတယ် မေ . . . ဘယ်အမှတ်တရကိုမှ ဆက်လက်မှတ်သားထားဖို့ အင်အားမရှိတော့ သမို့။ နှုတ်ဆက်ပါတယ် အဝေးက လွမ်းဆွတ်ခြင်းများ နီးစပ်ခဲ့ခြင်း၏ အစွန်းအထင်းများ မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာများ ဖြေရှင်းရန် ကြွင်းကျန်ခဲ့သော ဝဋ်ကြွေးများ ရန်ညှိုး အမုန်းတရားများလည်း ကျေအေး လွင့်စင်သွားပါစေ . . . ကိုယ် နှုတ်ဆက်ပါတယ် မေ . . လက်နက်ချဖို့ လိုအပ်ချိန်မှာ လက်နက်ချခဲ့ပြီး မျှော်လင့်မိသမျှ လောင်ကျွမ်းကုန်ဆုံး ကိုယ့်အရိပ်ထဲက အမှောင်မှာ လုံအောင်ပုန်းရင်း စိတ္တဇနဲ့ ဂီတ ခွဲခြားမသိတဲ့ စိတ် . . . သည်အခန်းဟာ အတိတ်ပဲဆိုပါတော့ ကိုယ်တံခါးပိတ်လိုက်ပါပြီ။ မေ . . . နောက်တစ်နှစ်ဟာ နောက်တစ်ဘဝလည်းဖြစ်ချင် ဖြစ်မယ် ဆက်ဆက်ရောက်လာမယ့် မိုးရေစက်တွေပေမယ့် တစ်ချိန်က ထီးတစ်လက်ကတော့ သေဆုံးသွားခဲ့ပြီလေ . . .။ အခုခြောက်ခြားနေခဲ့မိတာလည်း ဘယ်တုံးကမှ မမက်ဖူးတဲ့ အိပ်မက် ကိုယ်ကျဆုံးခဲ့တယ်ဆိုတာဟာလည်း ဘယ်တုံးကမှ မဖြစ်ခဲ့တဲ့ စစ်ပွဲတပွဲ သည်တစ်ညအတွက်တော့ နှစ်ချိုက်စွာ အိ်ပ်စက်နိုင်ဖို့ပဲ ကိုယ် အလိုရှိခဲ့တယ် တိတ်ဆိတ်စွာ ကုန်ဆုံးသွားလိုက်တော့ ကိုယ့်ရဲ့ စိတ္တဇ မေ . . ။  နှုတ်ဆက်ပါတယ် မေ  . . .

ပုံပြင်လေးဟာဒီလိုဆုံးတယ်

Image
တစုံတရာကို တိတ်ဆိတ်စွာ ပျောက်ဆုံးနေခဲ့ရသော နေ့များပါပဲ အချစ်ရယ် မဆုံဖြစ်ခြင်းကြောင့် လွမ်းဆွတ်ရတာတွေထက် ပိုမိုတဲ့ အခက်အခဲ။   အကျဉ်းသားတစ်ယောက်ပဲ ဆိုပါတော့ လွတ်မြောက်ခြင်းဟာ မိုးတိမ်တွေဆီမှာလား ကိုယ်ခုန်ဆင်းမှေးစက်ချင်စရာ မင်းရင်ခွင်ဆီမှာလား  အချိန် နေရာ ဘယ်လိုလွဲချော်သလဲ အဖြေလည်း မတွေ့နိုင်တဲ့ ပြက္ခဒိန် အမှတ်အသားများကြားမှာ။   မင်း အနမ်း‌တွေကို ဝိုင်အရက်လို တစိမ့်စိမ့်သောက်မယ် မင်းမျက်ဝန်းလေး ဆီက အလင်းတွေထဲ ခုန်ပေါက်ပျော်ရွှင် ကပစ်လိုက်မယ် ကိုယ်မျှော်လင့်ထားတဲ့ ဇတ်သိမ်းခန်းပေါ့ စောင့်ဆိုင်းခဲ့သမျှအတွက် နန်းကျဘုရင်တစ်ယောက်ရဲ့ ရာဇပုလ္လင်ဆီအပြန်လမ်းလို အနှိုင်းဆမဲ့ အောင်ပွဲခံလိုက်ချင်ရဲ့ စိတ်ကူးထဲမှာ ကြွေတဲ့ကြယ်။   August 07, 2025

နေ့များ

Image
ကြယ်ကလေးတွေက တစ်စင်း ဆီက တစ်စင်း ထွက်ပြေးနေကြတာမျိုးမဟုတ်ဘဲ ပိုပိုကျယ်ပြန့်လာတဲ့ ဗလာနယ်ကြောင့်သာ အချင်းချင်း ဝေးသည်ထက်ဝေးသွားကြတာလို့ ဆိုတယ် အပြာရောင် မီးခြစ်ကလေးရယ် ကြယ် မဟုတ်ရပါပဲ လောင်ကျွမ်း ကုန်ဆုံးနေရတဲ့ကိုယ်ရယ် ကိုယ်မမြင်နိုင်တဲ့ တနေရာရာ က မင်းဆီ အလင်းမှုန်လေးတွေ ရောက်ရှိနိုင်ဦးမလား ကိုယ် မသိတယ်။

အပြစ်နဲ့ဒဏ်ရာ

 အတောင် မစိုစွတ်ဘူးဆိုပေမယ့် မိုးခိုရာရှာနေမိတဲ့ ငှက်တစ်ကောင်လိုပဲ နေရောင်ကိုကာကွယ်ခဲ့သော်လည်း ရေမလုံတဲ့ သစ်ပင်တွေဟာ သစ္စာမဲ့တယ် မဆိုရာ. . .။ ပျော်အောင်ကြိုးစားနေပါဆိုတဲ့ စကားဟာ စစ်ပွဲကြားက အသက်တစ်ချောင်းအတွက် မိုးကြိုးကို ကာစရာထန်းလက်ပမာ သေနတ်ကို လွှတ်ချလိုက်ရုံနဲ့ ငြိမ်းချမ်းရေး ရပါ့မလား. . . ။ ထွက်သွားတဲ့ ရထားနဲ့ နေခဲ့ရတဲ့ ခရီးသည်ကြားက ကွာခြားချက်က ဘာများလဲ။ လက်တွေ့ဘဝနဲ့ အိပ်မက်ဆိုးကတော့ ထမ်းပိုးနဲ့ လှည်းတုတ်လိုပဲ အချစ်ရယ် ဒီအချိန်မှာ ငရဲကို ရွေးချယ်သွားသူတွေက သူရဲကောင်းပဲ. . . ။

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ

  အနုမြူစစ်ကြီးဖြစ်မဖြစ်ထက် ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။ ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်ညစ်နေမိတယ်။ သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။ သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။ ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို ပေကပ်ရှင်သန်ရင်းချစ်တယ်။ လေးဖြူသီချင်း မဆိုတော့လည်း ကိုယ်က မင်းကို ချစ်နေမှာပါပဲ တို့မြို့လေးကို လူမုန်းများနေလည်း ချစ်တယ်။ ဆူနာမီနဲ့နီးကပ် .. ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း ချစ်မယ်။ တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း ငါကမင်းကို ချစ်နေခဲ့တယ်။ မင်းကိုချစ်နေရမယ်ဆို အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ် အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ် ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။ ချစ်ရတာမမောပါဘူး ကလေးရယ် အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။ ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။ မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်းချစ်မယ်။  တကယ်ပါကောင်မလေးရယ် လိမ်ခဲ့တာတွေများလို့ကြမ...

လုပ်ဇာတ်

  စိတ်ကို သော့ခတ်လိုက်တယ်။ မင်းလည်း မလွမ်းနဲ့ ငါလည်း မလွမ်းနဲ့ ကြည့် . . . . သော့တံကို ပင်လယ်ထဲပစ်လိုက်တယ် မင်းလိုက်မဆယ်နဲ့ . . .။ မင်းလက်မောင်းလေးကို နမ်းမိတဲ့ အနမ်းတောင် စိတ်ထဲချန်မထားဘူး ဖြတ်လျှောက်လာရင်း ကြုံရာ ရထားတစင်းနဲ့ထည့်ပေးလိုက်တယ်။ အခုဆို တော်တော်ဝေးဝေးရောက်သွားလောက်ပြီ ပြန်မလာဖို့လည်း ဆက်ဆက်မှာလိုက်တယ်။ သော့ခလောက်တန်းလန်းနဲ့ စိတ်ကိုကြည့်ကြည့်နေရတာ ငါဘယ်တော့မှ နောင်တမရဘူး အချစ်ဆိုတာ ရူးသွပ်မှုတမျိုးပဲ မင်းဖုန်းကို အကြိမ်ကြိမ်ခေါ်ကြည့်ပြီး ငါ့အတွက်ထူးသံမရှိတဲ့နေ့က ငါ ကိုယ့်ကိုယ်ကိုယ် သိခဲ့တယ်။ အခု ငါကောင်းသွားပြီ။ ပြောနေရတာ မလွဲသာမရှောင်သာပဲ ငါတစက်မှ မလွမ်းဘူး မင်းရဲ့ သတိရခြင်းအကြောင်းလည်း ငါမတွေးတော့ဘူး မင်းအကြောင်းတွေ အကုန်လှဲကျင်းထုတ်ပြီးမှ ငါစိတ်ကို သော့ခတ်လိုက်တာပဲ။ ဒီအတွက် ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိတယ်။ နည်းနည်းတော့ သွေးရူးသွေးတန်းနိုင်လိမ့်မယ် ဘာဆိုဘာမှ အလိုမရှိတော့ဘူး မယုံရင် မင်းလာကြည့်လို့ရတယ် .  . . တံခါးကို မင်းလက်ဖဝါးလေးနဲ့ တွန်းဖွင့်လိုက်ရုံပဲ . . . ခတ်ထားတဲ့ သော့က မင်းရဲ့ သူလျှိုဖြစ်တဲ့အတွက် အခက်အခဲမရှိလောက်ဘူး။

အ အ အိပ်မက် (၂)

 ကျနော်ဘာဖြစ်ချင်တာလဲဆိုရင် ဘာမှမဖြစ်ချင်ဘူး... ဘာမှမဖြစ်ချင်တဲ့စိတ်ကြောင့်ပဲ စိတ်ပျက်လက်ပျက်ကျရှုံးဖူးတယ်။ သိပ်နက်ရှိုင်းတဲ့ဒဏ်ရာတွေဟာ ဘယ်တော့မှ အရှင်းမပျောက်နိုင်သလိုပဲ.. တိုက်ဆိုင်ရင် အဲဒီအကြောင်းကို ပြန်တွေးနေမိသေးတယ်။ ဒါထက်ပိုပြီး စိတ်လှုပ်ရှားစရာ နှုတ်ခမ်းတွေအကြောင်းရှိသေးပေမယ့်။ အဲဒီတစ်ယောက်က သူ့အကြောင်း ထုတ်ဖော်ပြောဆိုခံရမှာကို နှစ်သက်ပုံမရဘူး။ မနက်က တော်တော် ဝေးဝေးရောက်မှ သူဖျတ်ကနဲလှည့်ကြည့်တာ အမှတ်တမဲ့မြင်လိုက်တယ်။ သူ ကျနော့်ကို လှည့်ကြည့်တာလား။ လှည့်ကြည့်စရာကလည်း ကျနော်ပဲ ရှိတာကို..။ သူ့အကြောင်းဆို သူနဲ့ အတူတွဲလာခဲ့ဖူးတဲ့ ကလေးချီထားတဲ့လူအကြောင်းပါလာပြန်ရော၊ မဖြစ်နိုင်တာ... သူသာ အိမ်ထောင်ရှိမယ်ဆို ဘာလို့လှည့်ကြည့်နေမှာလဲ။ မနက်က သူ့လက်ထဲမှာ ဖုံးတစ်လုံးကိုင်ထားတာတွေ့မိတယ်၊ သူ့ဖုံးနံပါတ်ကို သိချင်မိပေမယ့် ဖုံးဆက်ပြီး ကျနော်ဘာပြောရမလဲ ကျနော်မသိဘူး။ တခါတုံးက ညလုံးပေါက်နီးပါ:.. တညလုံးတော့မဟုတ်ဘူး ဖုံးပြောခဲ့ဖူးတဲ့ ညတညရှိတယ်.. ဘာတွေပြောခဲ့ကြလည်းတော့ ကျနော်မမှတ်မိဘူး.. တော်တော်မိုက်တယ်.. အခုတောင် ပြန်တွေးရင်း ပြုံးမိတဲ့အထိပဲ .. တခါတလေတော့ ကျနော်သူ့ကို သတိရတယ် များသောအားဖြင့်တော့ ...

အဝေးမှာ

Image
ဘယ်လိုများစကား စရပါ့မလဲ ရိပ်ခနဲမြင်ရလေမလား မျှော်ငေးနေကျ တံခါးလေးရှိခဲ့တယ် မိုးရာသီဆို အသည်းကွဲနေကျ အပြင်မှာ ကမ္ဘာပျက်နေလည်း ရင်ထဲက မီးတောက်လေး ငြိမ်းသွားမှာ ပူပန်နေတဲ့သူ ကိုယ်ပဲကွယ် ကိုယ့် အထွာနဲ့ ကိုယ်ပဲပေါ့ ဆုံးရှုံးရသမျှ နာကျင်မှုက အတူတူ။ တခုခုဆို ပင်လယ်ကြီးဆီပြေးသွားချင်တယ် ရေပြင်ကြီးကို မမြင်ဖူးတဲ့ကလေးလေးလို သောကတွေ မေ့လျှော့ ဆော့ကစားနေချင်မိတယ်။ ဒါမှ မဟုတ်ရင်လည်း ပါဆစ်ဘစ်ရှယ်လီလို လှေကလေး တစ်စင်းနဲ့ ပျောက်ဆုံးသွားလိုက်ချင်တော့တယ်။