Posts

Showing posts from April 7, 2013

မုန်းတာ

ခင်ဗျားရဲ့ ကျဆုံးခန်းအတွက် လူ ဘယ်လောက်များများ ၀မ်းသာခဲ့သလဲ။ ကျနော် ငိုခဲ့တယ် ကျနော် ရယ်ခဲ့တယ် အမှားတွေ အကြောင်းပြောရင်း အမှန်တွေ မေ့သွား၊ နောက်ထပ် ဘယ်တော့မှ သတိပြန်မရ ဘယ်တုံးကမှ အမှန်ဆိုတာ မရှိကြောင်း ယုံကြည်သွားရတဲ့ အထိ။ လူမျိုးရေးမရှိဘူး ကိုယ်ကြိုက်တဲ့ ၀တ်ပြုနည်းနဲ့ ဆုတောင်းလို့ရတယ် ချစ်ခြင်းမေတ္တာမှာတော့ လိုချင်တာလေး တစ်ခုကလွဲလို့ ငါးကြီးကြီးရမှ သဲသဲမည်းမည်းအသည်းစွဲပြတတ်တဲ့ အစားထဲမပါ။ ငွေရှိမှဆို အလာဒင်းလိုပဲ နံရံမှာ ဓာတ်ပုံအပြည့်ကပ်ဖို့ကြိုးစားမှာပေါ့ သစ္စာရှိရတာ မဟန်တယ်။ ဆင်ခြင်တုံတရားကို စွန့်ပစ်လိုက်တော့မယ် ခံစားရတဲ့အတိုင်း တုံ့ပြန်တာ ပိုအဆင်ပြေတယ်ပေါ့ ထိကရုန်းတွေလို ဟန်ပြမဟုတ်တော့ဘူး ကိုယ်က ရိုးသားတယ် ဒါပေမယ့် ခွင့်မလွှတ်တတ်တာခက်။ ကျနော် လဲပြိုသွားတော့ သူတို့ပြုံးကြတယ်.. အားနာနာနဲ့ ပြန်မထဖြစ်တာ အခုထိပဲ ဒါ သိပ်ချစ်လွန်းလို့တော့ ဘယ်တုံးကမှမဟုတ်ဘူး။

သူမအဓိပ္ပါယ်နဲ့ည

ကကြီးက အ အဆုံး ဘယ်အက္ခရာကို အမုန်းဆုံးဖြစ်မှာလဲ ကြယ်ကြွေဆုတောင်းဆိုတာ အလိုမပြည့်မှုတွေကို မှိုင်းတိုက်တဲ့ ပုံပြင်ဟောင်းတစ်ပုဒ်လို့ ဆိုမယ်။ တိုက်ဆိုင်မှုဆိုတာမျိုးကလည်း ကံကြမ္မာဆိုးတွေနဲ့မှ တည့်တည့် နေတတ်တာ အံသြဖွယ်ရာ။ လိုရင်းရောက်အောင်စောင့်ရင်း မင်းငြင်းသံတွေပဲ နံရံမှာ ကပ်တွယ် မျက်လွှာတွေကို ပိတ်နိုင်ဖို့ အမှောင်ကို ကိုယ့်အတွက် ပိုတောင်းချင်လို့လည်း မရနိုင်ခဲ့။ မင်းလည်းမင်းသီချင်းနဲ့မင်း ငါ့လည်းငါ့နာကြင်မှုနဲ့ငါ သည်မှာ ညီမလေးရဲ့...ချစ်ခြင်းမေတ္တာဆိုတာ...သည်လိုအစချီပြီး ငိုပြ၊ ရယ်ပြ ရုပ်ကြမ်းပေမယ့် စိတ်နုခဲ့ပါကြောင်း မဖွဲ့နွဲ့လိုတော့ပါ။ ငွေပေးပြီးသတ်ဖို့ ဆိုတာကလည်း တစ်လျှောက်လုံးလုံးဆိုးသွမ်းနေတာက ကိုယ့်နှလုံးသား အရှင်လတ်လတ်ကြီးပါ အချစ်ရယ်။ ထမ်းခဲ့ရသမျှ သည်အတ္တတွေကပဲ မင်းနဲ့ဝေးရာ တွန်းတွန်းပို့နေခဲ့ ကိုယ့်သဘောကိုယ်ဆောင်ရတာ ပိုကောင်းတယ်။ သည်နေ့ရော....မင်းအလုပ်တွေရှုပ်နေတုံးပဲလား။ တိုင်ကြားရန် ဖုန်းနံပါတ်ဆိုတာကြီးကိုက စိတ်ရှိတိုင်း အနိုင်ကျင့်ရဖို့ အရိုးရှင်းဆုံး လှည့်ကွက် တစ်ခုထက်မပိုခဲ့တာ........။

အိမ်စာ

ဘာသတင်းစကားမှ ထပ်ရောက်မလာတဲ့ သေတ္တာဟောင်းလောင်းလေးကို ငေးမိတယ်။ လိုချင်တာတချို့ရှိပေမယ့် ဒါတွေ ကိုယ့်အတွက်လို့ မသေချာတော့တာ ခက်။ တပို့တွဲဆိုပေမယ့် ရင်ထဲမှာက မိန်ရာသီ တံလျှပ် တိမ်တွေ အငွေ့ပျံနေတယ်.. ကောင်းကင် ကိုရင်ခုန်ကြည့်တော့လည်း အတွေးထဲ အပြာ။ ဒီနေ့အဖို့တော့ မိုးမရွာတာသေချာခဲ့ပြီ ဖွင့်ထားတဲ့ ထီးကိုပိတ် အရိပ်ကိုလှမ်းကြည့်မိ။ လမ်းမှာ လမ်းအပြင် ဘာရှိဦးမှာလဲ . . . .။ ခြေဖ၀ါးကို အားနာမိ၊ ခရုကလေးတွေက ကိုယ့်ထက်ပိုရွေ့နေသလား ငါးစာအကြောင်းပြောသံကြားပေမယ့် ငါးမျှားချိတ်က စိတ်ပြောင်းသွားတယ်။ တနင်္ဂနွေနေ့ဆို စိတ်တွေက လေတံခွန်လိုပဲ.. အလုပ်တွေကို ကြိုးရှည်ရှည်လှန်ပြီး . . ငါပျံသန်းချင်လိုက်ချင်ရဲ့ကွယ်။

ညနေခင်းအကြောင်းပြောတဲ့အခါ

အဆက်စပ်မရှိ သူစပြောတယ် .. . . ကွန်မြူနစ်တွေကိုမုန်းတာ ရေပေါ်ဆီတွေကိုမုန်းတာ ဒီမိုကရက်တစ်တွေကိုမုန်းတာ သူတော်တော်များများ မုန်းနေပြီဆိုတော့ ကိုယ့်ကိုတော့ ချစ်ကောင်းချစ်နိုင်မှာပါလေ.. ဆက်တိုက်နိုင်နေတဲ့အသင်း တပွဲတော့ ကျရတော့မပေါ့.။ နားထောင်နေလား သူထပ်မေးတယ် . . . အကြည့်တည့်တည့်မှာ သူ့မျက်ဝန်းရှိတယ် သူ့ကိုကျော်ကြည့်မိတော့ ကိုယ်ဘာမှ မမြင်မိဘူး။ စကားလုံးတွေ ကြီးလာလေလေ ကိုယ့်ရဲ့ သူ့နှုတ်ခမ်းတွေအပေါ် စိတ်ဝင်စားမှုက ပြင်းထန်လေလေပဲ ဒါနိုင်ငံရေးမဟုတ်တဲ့အတွက် ပရိယာယ်များများမလို ဒါအသွင်ကူးပြောင်းချိန်မဟုတ်တဲ့အတွက် တဖက်နဲ့ တဖက် သိပ်များများငဲ့ကွက်စရာမလို ဆုံးဖြတ်ချက် တင်းတင်းချလိုက်တယ် သည်နေ့အဖို့ စာအုပ်တစ်အုပ်ထက် မုန့်တစ်ခုပဲပိုလိုအပ်တယ် သူမရဲ့ ရနံ့ကတော့ သစ်သီးတစ်လုံးနဲ့ ပိုတူတယ်ဆိုပါတော့။

ဘဝ

အခုအိပ်မက်ထဲမှာလား ငါပြန်မနိုးချင်ဘူး... ဘယ်ရောက်နေတာလဲ .. သည်အမေးကို ဖြေဖို့ ကိုယ့်ကိုယ်ကိုယ် မြေပုံမှာ ရှာမတွေ့ဘူး သူ .. ခွဲခွာသွားပုံကို မမြင်ရဲသမို့ ကိုယ်လိုက်မပို့ဖြစ်ခဲ့ဘူး အခုနိုးထနေတာလား ငါပြန်မအိပ်ချင်ဘူး ကိုယ်ရောက်နေတဲ့ နေရာဟာ သူ့မြေပုံမှာ မရှိဘူး . . . ကိုယ်ဘယ်မှာလဲလို့ သူလိုက်မရှာခဲ့ဘူး ဆိုက်ရောက်လာခဲ့စဉ်မှာ ကြိုဆိုခဲ့ပေမယ့် ကိုယ်နှလုံးသားမှာ အခြေချဖို့ သူ့မှာ ဆန္ဒမရှိတော့ဘူး။ အစွဲအလန်းကြီးလွန်းတယ်. အပြောင်းအလဲတွေမလိုချင်ဘူး မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတဲ့နောက် အစဉ်အလာကို ဆက်လက်ဆုပ်ကိုင်ဖို့ အလိုမရှိတော့ဘူး။ ချစ်ခဲ့မိတာလား . . တိမ်တွေက မလှည့်စားတတ်ဘူး လေတိုက်နှုန်းအတိုင်း ရွေ့လျှား ပုံရိပ်တွေကို ကိုယ်ယုံမှားနေတာပဲဖြစ်တယ်။ နောက်တစ်ချပ်ကို . . ဒေါင့်ခွန် ပစ်မတဲ့ .. ကိုယ်မစားဖြစ်ခဲ့ဘူး။