Posts

Showing posts from 2017

အချစ်အကြောင်း

 စေ့ထားတဲ့ တံခါးပဲ ခွန်အားတွေကုန်ဆုံးသွားတဲ့အထိ ကိုယ်တွန်းကြည့်တယ် ပွင့်မလာခဲ့ဘူး။ ရပ်စောင့်နေမယ် ဆိုခဲ့တာပဲ လမ်းတွေသာ ပျောက်ရှသွားတယ် ကိုယ်ရောက်အောင်သွားနိုင့်မယ့် တည်နေရာ ရှာမရခဲ့ဘူး။ ပေးကားပေး၍ မရ ဆိုသလို သူ့ရယ်သံတွ ကိုယ်မကြားရဘူး ကိုယ့်အပြုံးတွေ သူမမြင်ရဘူး အကြင်နာ ထက် အမုန်းတွေများလာတာသာရှိတယ် မျဉ်းနှစ်ကြောင်းမဆုံဖြစ်ခဲ့ဘူး။ အကြောင်းပြချက်ကို ကိုယ်မသိဘူး တခါတရံထက်ပိုတဲ့ အိပ်မက်တွေမက်ရင်း နိုးတဝက်နာကျင်ကုန်ဆုံးခဲ့ရတဲ့ ညတွေရှိတယ် အဆုံးသတ်ကို မမှတ်မိခဲ့ဘူး ပြောဖြစ်တဲ့ စကားတွေက အများကြီးပဲ အဓိပ္ပါယ်တစ်စုံတရာမပါခဲ့ဘူး ကိုယ် သေဆုံးသွားခဲ့ရင် သူ့ကြောင့်လို့မဆိုပါနဲ့ ဒီလိုမေတ္တာမျိုးထဲမှာ လှော်ရင်းနစ်ခဲ့ရတယ် အချစ်တဲ့။

ပင်လယ်ထဲမှာ

 ဒါဟာ မောင်းချဓားတစ်လက်ရဲ့ အိပ်မက်ပါ။ သေနတ်တစ်လက်ရဲ့ အတွေးပါ ဓားတစ်စင်းရဲ့ ပင့်သက်ပါ ကြိုးစင်ဆီတက်တဲ့လှေကားဆီက ခြေသံများပါ။ ဒါဟာ မုန်းတီးမှုတွေကို မုန်းတီးနေတဲ့ အမုန်းပါ ချစ်ခြင်းမေတ္တာ အမှောင်ခြမ်းဆီက ခေါ်သံပါ ဝံပုလွေတွေခြုံဖို့ ချုပ်ထားတဲ့သိုးရေ ဝတ်စုံပါ သွားလမ်းသာစဉ် ရွာချခဲ့တဲ့ ဆူးမိုးသက်သက်ပါ ဒါဟာ ရှင်သန်ခြင်းကို ခါးသီးနေတဲ့ လူတစ်ယောက်ဆီက စာတစ်စောင်ပါ။ ပျော်ရွှင်ခြင်းကို ပေးရန်လို့ ခေါင်းစဉ်တပ်ထားပေမယ့် လိပ်စာ ပါမလာခဲ့။