လုပ်ဇာတ်

  စိတ်ကို သော့ခတ်လိုက်တယ်။
မင်းလည်း မလွမ်းနဲ့
ငါလည်း မလွမ်းနဲ့
ကြည့် . . . .
သော့တံကို ပင်လယ်ထဲပစ်လိုက်တယ်
မင်းလိုက်မဆယ်နဲ့ . . .။

မင်းလက်မောင်းလေးကို နမ်းမိတဲ့ အနမ်းတောင်
စိတ်ထဲချန်မထားဘူး
ဖြတ်လျှောက်လာရင်း ကြုံရာ ရထားတစင်းနဲ့ထည့်ပေးလိုက်တယ်။
အခုဆို တော်တော်ဝေးဝေးရောက်သွားလောက်ပြီ
ပြန်မလာဖို့လည်း ဆက်ဆက်မှာလိုက်တယ်။

သော့ခလောက်တန်းလန်းနဲ့ စိတ်ကိုကြည့်ကြည့်နေရတာ
ငါဘယ်တော့မှ နောင်တမရဘူး
အချစ်ဆိုတာ ရူးသွပ်မှုတမျိုးပဲ
မင်းဖုန်းကို အကြိမ်ကြိမ်ခေါ်ကြည့်ပြီး ငါ့အတွက်ထူးသံမရှိတဲ့နေ့က
ငါ ကိုယ့်ကိုယ်ကိုယ် သိခဲ့တယ်။
အခု ငါကောင်းသွားပြီ။

ပြောနေရတာ မလွဲသာမရှောင်သာပဲ
ငါတစက်မှ မလွမ်းဘူး
မင်းရဲ့ သတိရခြင်းအကြောင်းလည်း ငါမတွေးတော့ဘူး
မင်းအကြောင်းတွေ အကုန်လှဲကျင်းထုတ်ပြီးမှ
ငါစိတ်ကို သော့ခတ်လိုက်တာပဲ။
ဒီအတွက် ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိတယ်။

နည်းနည်းတော့
သွေးရူးသွေးတန်းနိုင်လိမ့်မယ်
ဘာဆိုဘာမှ အလိုမရှိတော့ဘူး
မယုံရင် မင်းလာကြည့်လို့ရတယ် .  . .
တံခါးကို မင်းလက်ဖဝါးလေးနဲ့ တွန်းဖွင့်လိုက်ရုံပဲ . . .
ခတ်ထားတဲ့ သော့က မင်းရဲ့ သူလျှိုဖြစ်တဲ့အတွက်
အခက်အခဲမရှိလောက်ဘူး။

Comments

Popular posts from this blog

မရှိခြင်းသက်သက်မေ

ပုံပြင်လေးဟာဒီလိုဆုံးတယ်

အပြစ်နဲ့ဒဏ်ရာ