သစ်ရွက်အကြွေ
ဘယ်တော့မှ အဖြေမထွက်ဘူး
မိုးကလည်း မတိတ်ဘူး
ကိုယ့်တံခါးကိုယ်ခေါက်ပြီး
ထူးကြည့်တော့လည်း
သေချာတဲ့ မဲတောင်မှ ဗလာ. . .။
ကြမ်းကြားက စိမ့်ဝင်လာတဲ့ လေရယ်
မလုံတဲ့ခေါင်က စီးကျတဲ့ ရေစက်တွေရယ်
ကိုယ်ဟာ ကျည်ဆံတဖွဲဖွဲထဲ ပြေးတက်နေတဲ့
စစ်သည်တော် တစ်ယောက်လိုပဲ
ဦးတည်ရာက ဘယ်မှာလဲ။
ဒီမှာ ဘာစစ်ပွဲမှ မရှိဘဲ
ကိုယ်တစ်ယောက်တည်း ရှုံးနေတာ
ပြောခဲ့သလိုပါပဲ
ကိုယ်ဖျက်ကိုယ်ချိုးတဲ့ဖဲဆိုပေမယ့်
ဘာအပွင့်မှ မတက်ဘူး။
ပြက္ခဒိန်က ဆွဲဆုတ်ထားတဲ့
အတိတ်က နေ့စွဲ တရွက်လို
အဲဒီစနေနေ့ဟာ အဓိပ္ပါယ်မဲ့။

Comments