အတောင် မစိုစွတ်ဘူးဆိုပေမယ့်
မိုးခိုရာရှာနေမိတဲ့ ငှက်တစ်ကောင်လိုပဲ
နေရောင်ကိုကာကွယ်ခဲ့သော်လည်း
ရေမလုံတဲ့ သစ်ပင်တွေဟာ သစ္စာမဲ့တယ် မဆိုရာ. . .။
ပျော်အောင်ကြိုးစားနေပါဆိုတဲ့ စကားဟာ
စစ်ပွဲကြားက အသက်တစ်ချောင်းအတွက်
မိုးကြိုးကို ကာစရာထန်းလက်ပမာ
သေနတ်ကို လွှတ်ချလိုက်ရုံနဲ့
ငြိမ်းချမ်းရေး ရပါ့မလား. . . ။
ထွက်သွားတဲ့ ရထားနဲ့ နေခဲ့ရတဲ့ ခရီးသည်ကြားက
ကွာခြားချက်က ဘာများလဲ။
လက်တွေ့ဘဝနဲ့ အိပ်မက်ဆိုးကတော့
ထမ်းပိုးနဲ့ လှည်းတုတ်လိုပဲ အချစ်ရယ်
ဒီအချိန်မှာ ငရဲကို ရွေးချယ်သွားသူတွေက သူရဲကောင်းပဲ. . . ။
NOE WAI
words with no letter
Thursday, June 27, 2024
အပြစ်နဲ့ဒဏ်ရာ
Monday, June 24, 2024
ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့
မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..
ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း
ချစ်မယ်။
တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့
လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်းချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —
အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့ဆက်စပ်ပြီးရေးထာခဲ့တာမို့
အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)
မရှိခြင်းသက်သက်မေ
နှုတ်ဆက်ပါတယ် မေ . . .
ဘယ်အမှတ်တရကိုမှ ဆက်လက်မှတ်သားထားဖို့
အင်အားမရှိတော့ သမို့။
နှုတ်ဆက်ပါတယ်
အဝေးက လွမ်းဆွတ်ခြင်းများ
နီးစပ်ခဲ့ခြင်း၏ အစွန်းအထင်းများ
မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာများ
ဖြေရှင်းရန် ကြွင်းကျန်ခဲ့သော ဝဋ်ကြွေးများ
ရန်ညှိုး အမုန်းတရားများလည်း
ကျေအေး လွင့်စင်သွားပါစေ . . .
ကိုယ် နှုတ်ဆက်ပါတယ် မေ . .
လက်နက်ချဖို့ လိုအပ်ချိန်မှာ
လက်နက်ချခဲ့ပြီး
မျှော်လင့်မိသမျှ လောင်ကျွမ်းကုန်ဆုံး
ကိုယ့်အရိပ်ထဲက အမှောင်မှာ လုံအောင်ပုန်းရင်း
စိတ္တဇနဲ့ ဂီတ ခွဲခြားမသိတဲ့ စိတ် . . .
သည်အခန်းဟာ အတိတ်ပဲဆိုပါတော့
ကိုယ်တံခါးပိတ်လိုက်ပါပြီ။
မေ . . .
နောက်တစ်နှစ်ဟာ နောက်တစ်ဘဝလည်းဖြစ်ချင် ဖြစ်မယ်
ဆက်ဆက်ရောက်လာမယ့် မိုးရေစက်တွေပေမယ့်
တစ်ချိန်က ထီးတစ်လက်ကတော့ သေဆုံးသွားခဲ့ပြီလေ . . .။
အခုခြောက်ခြားနေခဲ့မိတာလည်း
ဘယ်တုံးကမှ မမက်ဖူးတဲ့ အိပ်မက်
ကိုယ်ကျဆုံးခဲ့တယ်ဆိုတာဟာလည်း
ဘယ်တုံးကမှ မဖြစ်ခဲ့တဲ့ စစ်ပွဲတပွဲ
သည်တစ်ညအတွက်တော့ နှစ်ချိုက်စွာ အိ်ပ်စက်နိုင်ဖို့ပဲ
ကိုယ် အလိုရှိခဲ့တယ်
တိတ်ဆိတ်စွာ ကုန်ဆုံးသွားလိုက်တော့
ကိုယ့်ရဲ့ စိတ္တဇ မေ . . ။
နှုတ်ဆက်ပါတယ် မေ . . .
လုပ်ဇာတ်
စိတ်ကို သော့ခတ်လိုက်တယ်။
မင်းလည်း မလွမ်းနဲ့
ငါလည်း မလွမ်းနဲ့
ကြည့် . . . .
သော့တံကို ပင်လယ်ထဲပစ်လိုက်တယ်
မင်းလိုက်မဆယ်နဲ့ . . .။
မင်းလက်မောင်းလေးကို နမ်းမိတဲ့ အနမ်းတောင်
စိတ်ထဲချန်မထားဘူး
ဖြတ်လျှောက်လာရင်း ကြုံရာ ရထားတစင်းနဲ့ထည့်ပေးလိုက်တယ်။
အခုဆို တော်တော်ဝေးဝေးရောက်သွားလောက်ပြီ
ပြန်မလာဖို့လည်း ဆက်ဆက်မှာလိုက်တယ်။
သော့ခလောက်တန်းလန်းနဲ့ စိတ်ကိုကြည့်ကြည့်နေရတာ
ငါဘယ်တော့မှ နောင်တမရဘူး
အချစ်ဆိုတာ ရူးသွပ်မှုတမျိုးပဲ
မင်းဖုန်းကို အကြိမ်ကြိမ်ခေါ်ကြည့်ပြီး ငါ့အတွက်ထူးသံမရှိတဲ့နေ့က
ငါ ကိုယ့်ကိုယ်ကိုယ် သိခဲ့တယ်။
အခု ငါကောင်းသွားပြီ။
ပြောနေရတာ မလွဲသာမရှောင်သာပဲ
ငါတစက်မှ မလွမ်းဘူး
မင်းရဲ့ သတိရခြင်းအကြောင်းလည်း ငါမတွေးတော့ဘူး
မင်းအကြောင်းတွေ အကုန်လှဲကျင်းထုတ်ပြီးမှ
ငါစိတ်ကို သော့ခတ်လိုက်တာပဲ။
ဒီအတွက် ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိတယ်။
နည်းနည်းတော့
သွေးရူးသွေးတန်းနိုင်လိမ့်မယ်
ဘာဆိုဘာမှ အလိုမရှိတော့ဘူး
မယုံရင် မင်းလာကြည့်လို့ရတယ် . . .
တံခါးကို မင်းလက်ဖဝါးလေးနဲ့ တွန်းဖွင့်လိုက်ရုံပဲ . . .
ခတ်ထားတဲ့ သော့က မင်းရဲ့ သူလျှိုဖြစ်တဲ့အတွက်
အခက်အခဲမရှိလောက်ဘူး။
အ အ အိပ်မက် (၂)
စိတ်ပျက်လက်ပျက်ကျရှုံးဖူးတယ်။ သိပ်နက်ရှိုင်းတဲ့ဒဏ်ရာတွေဟာ ဘယ်တော့မှ
အရှင်းမပျောက်နိုင်သလိုပဲ.. တိုက်ဆိုင်ရင် အဲဒီအကြောင်းကို ပြန်တွေးနေမိသေးတယ်။ ဒါထက်ပိုပြီး စိတ်လှုပ်ရှားစရာ နှုတ်ခမ်းတွေအကြောင်းရှိသေးပေမယ့်။ အဲဒီတစ်ယောက်က သူ့အကြောင်း ထုတ်ဖော်ပြောဆိုခံရမှာကို နှစ်သက်ပုံမရဘူး။ မနက်က တော်တော် ဝေးဝေးရောက်မှ သူဖျတ်ကနဲလှည့်ကြည့်တာ အမှတ်တမဲ့မြင်လိုက်တယ်။ သူ ကျနော့်ကို လှည့်ကြည့်တာလား။
လှည့်ကြည့်စရာကလည်း ကျနော်ပဲ ရှိတာကို..။ သူ့အကြောင်းဆို သူနဲ့ အတူတွဲလာခဲ့ဖူးတဲ့ ကလေးချီထားတဲ့လူအကြောင်းပါလာပြန်ရော၊ မဖြစ်နိုင်တာ... သူသာ အိမ်ထောင်ရှိမယ်ဆို ဘာလို့လှည့်ကြည့်နေမှာလဲ။ မနက်က သူ့လက်ထဲမှာ ဖုံးတစ်လုံးကိုင်ထားတာတွေ့မိတယ်၊
သူ့ဖုံးနံပါတ်ကို သိချင်မိပေမယ့် ဖုံးဆက်ပြီး ကျနော်ဘာပြောရမလဲ ကျနော်မသိဘူး။ တခါတုံးက ညလုံးပေါက်နီးပါ:.. တညလုံးတော့မဟုတ်ဘူး ဖုံးပြောခဲ့ဖူးတဲ့ ညတညရှိတယ်.. ဘာတွေပြောခဲ့ကြလည်းတော့ ကျနော်မမှတ်မိဘူး.. တော်တော်မိုက်တယ်.. အခုတောင် ပြန်တွေးရင်း ပြုံးမိတဲ့အထိပဲ .. တခါတလေတော့ ကျနော်သူ့ကို သတိရတယ် များသောအားဖြင့်တော့ သတိရမချင်ဘူး ကျနော်နဲ့သူကြားမှာ ဘယ်တုံးကမှ ကြိုးတွေ မရှိခဲ့ဘူးတဲ့ . . သူ့နှုတ်ခမ်းတွေအကြောင်း သူပြန်သိချင်ဦးမှာလား။ ထားလိုက်ပါ အဲသည့် နှုတ်ခမ်းပိုင်ရှင်က သူ့အကြောင်း ကို ထုတ်ဖော်မပြောဖို့ အတန်တန်မှာထားတာပဲ.. ထားရတာတွေ သိပ်များရတဲ့အထဲက နောက်ထပ်ထားလိုက်ရတဲ့တစ်ခုပေါ့ . . .။ အခု ကျနော့်ရဲ့ မရေမရာ စိတ္တဇဆန်ဆန် သူမနဲ့ကော သည်လိုဖုံးပြောခွင့်ရဦးမှာလား.. သည်အတွေးဟာ သိပ်များလွန်းသွားပြီ။
ကျနော့်မှာ ရည်းစားရှိနေတာပဲ.. သူသိရင် စိတ်ဆိုးမှာ သေချာတယ်။
Friday, June 21, 2024
အဝေးမှာ
ဘယ်လိုများစကား စရပါ့မလဲ
ရိပ်ခနဲမြင်ရလေမလား
မျှော်ငေးနေကျ တံခါးလေးရှိခဲ့တယ်
မိုးရာသီဆို အသည်းကွဲနေကျ
အပြင်မှာ ကမ္ဘာပျက်နေလည်း
ရင်ထဲက မီးတောက်လေး ငြိမ်းသွားမှာ
ပူပန်နေတဲ့သူ ကိုယ်ပဲကွယ်
ကိုယ့် အထွာနဲ့ ကိုယ်ပဲပေါ့
ဆုံးရှုံးရသမျှ နာကျင်မှုက အတူတူ။
တခုခုဆို ပင်လယ်ကြီးဆီပြေးသွားချင်တယ်
ရေပြင်ကြီးကို မမြင်ဖူးတဲ့ကလေးလေးလို
သောကတွေ မေ့လျှော့ ဆော့ကစားနေချင်မိတယ်။
ဒါမှ မဟုတ်ရင်လည်း
ပါဆစ်ဘစ်ရှယ်လီလို လှေကလေး တစ်စင်းနဲ့
ပျောက်ဆုံးသွားလိုက်ချင်တော့တယ်။
Saturday, June 15, 2024
မနေ့ညကအိပ်မက်
ရေမြေဆုံးသရွေ့ ဆိုတဲ့ ယူတိုးပီးယားကို
သဘောကျမိတယ်
ကိုယ်က ထွက်ပြေးပုန်းရှောင်ရုံသက်သက်ပဲ
လာဖို့မခေါ်ခဲ့သူမို့
ရှာဖို့လည်း မမျှော်ပါဘူးကွယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မတွေ့ချင်တာတခုပါပဲ။
မျှော်လင့်ခြင်းက နာကျင်စေတယ် ဆိုတဲ့ စကားကိုတော့
မနှစ်သက်ခဲ့ဘူး
ဖြေရာမဲ့ နာကျင်နေသူက
ဘာများမျှော်လင့်နိုင်မှာလဲ
ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေဟာလည်း
အဖြေတခုပဲပေါ့ကွယ်။
သေဆုံးခြင်းအလွန်မှာ
နောက်ဘဝတခုရှိတယ်ဆိုပါစို့
မှတ်ညဏ်အသစ်တွေနဲ့ ကိုယ်ပဲမဟုတ်လား
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အချိန်သုံးပါးမှာ
မေ့လျော့သွားမယ့် နေရာလေးရွေ့ထိုင်ချင်ရုံပါပဲ . . .။
Thursday, June 13, 2024
သစ်ရွက်အကြွေ
ဘယ်တော့မှ အဖြေမထွက်ဘူး
မိုးကလည်း မတိတ်ဘူး
ကိုယ့်တံခါးကိုယ်ခေါက်ပြီး
ထူးကြည့်တော့လည်း
သေချာတဲ့ မဲတောင်မှ ဗလာ. . .။
ကြမ်းကြားက စိမ့်ဝင်လာတဲ့ လေရယ်
မလုံတဲ့ခေါင်က စီးကျတဲ့ ရေစက်တွေရယ်
ကိုယ်ဟာ ကျည်ဆံတဖွဲဖွဲထဲ ပြေးတက်နေတဲ့
စစ်သည်တော် တစ်ယောက်လိုပဲ
ဦးတည်ရာက ဘယ်မှာလဲ။
ဒီမှာ ဘာစစ်ပွဲမှ မရှိဘဲ
ကိုယ်တစ်ယောက်တည်း ရှုံးနေတာ
ပြောခဲ့သလိုပါပဲ
ကိုယ်ဖျက်ကိုယ်ချိုးတဲ့ဖဲဆိုပေမယ့်
ဘာအပွင့်မှ မတက်ဘူး။
ပြက္ခဒိန်က ဆွဲဆုတ်ထားတဲ့
အတိတ်က နေ့စွဲ တရွက်လို
အဲဒီစနေနေ့ဟာ အဓိပ္ပါယ်မဲ့။
Friday, August 18, 2017
အချစ်အကြောင်း
စေ့ထားတဲ့ တံခါးပဲ
ခွန်အားတွေကုန်ဆုံးသွားတဲ့အထိ
ကိုယ်တွန်းကြည့်တယ်
ပွင့်မလာခဲ့ဘူး။
ရပ်စောင့်နေမယ် ဆိုခဲ့တာပဲ
လမ်းတွေသာ ပျောက်ရှသွားတယ်
ကိုယ်ရောက်အောင်သွားနိုင့်မယ့်
တည်နေရာ ရှာမရခဲ့ဘူး။
ပေးကားပေး၍ မရ ဆိုသလို
သူ့ရယ်သံတွ ကိုယ်မကြားရဘူး
ကိုယ့်အပြုံးတွေ သူမမြင်ရဘူး
အကြင်နာ ထက် အမုန်းတွေများလာတာသာရှိတယ်
မျဉ်းနှစ်ကြောင်းမဆုံဖြစ်ခဲ့ဘူး။
အကြောင်းပြချက်ကို ကိုယ်မသိဘူး
တခါတရံထက်ပိုတဲ့ အိပ်မက်တွေမက်ရင်း
နိုးတဝက်နာကျင်ကုန်ဆုံးခဲ့ရတဲ့ ညတွေရှိတယ်
အဆုံးသတ်ကို မမှတ်မိခဲ့ဘူး
ပြောဖြစ်တဲ့ စကားတွေက အများကြီးပဲ
အဓိပ္ပါယ်တစ်စုံတရာမပါခဲ့ဘူး
ကိုယ် သေဆုံးသွားခဲ့ရင် သူ့ကြောင့်လို့မဆိုပါနဲ့
ဒီလိုမေတ္တာမျိုးထဲမှာ လှော်ရင်းနစ်ခဲ့ရတယ်
အချစ်တဲ့။
ပင်လယ်ထဲမှာ
ဒါဟာ
မောင်းချဓားတစ်လက်ရဲ့ အိပ်မက်ပါ။
သေနတ်တစ်လက်ရဲ့ အတွေးပါ
ဓားတစ်စင်းရဲ့ ပင့်သက်ပါ
ကြိုးစင်ဆီတက်တဲ့လှေကားဆီက ခြေသံများပါ။
ဒါဟာ
မုန်းတီးမှုတွေကို မုန်းတီးနေတဲ့ အမုန်းပါ
ချစ်ခြင်းမေတ္တာ အမှောင်ခြမ်းဆီက ခေါ်သံပါ
ဝံပုလွေတွေခြုံဖို့ ချုပ်ထားတဲ့သိုးရေ ဝတ်စုံပါ
သွားလမ်းသာစဉ် ရွာချခဲ့တဲ့ ဆူးမိုးသက်သက်ပါ
ဒါဟာ
ရှင်သန်ခြင်းကို ခါးသီးနေတဲ့ လူတစ်ယောက်ဆီက
စာတစ်စောင်ပါ။
ပျော်ရွှင်ခြင်းကို ပေးရန်လို့
ခေါင်းစဉ်တပ်ထားပေမယ့်
လိပ်စာ ပါမလာခဲ့။
Saturday, October 15, 2016
ကျိန်စာ
မင်းက ယုံနေတုံးလား
ဘဝတခုလုံးပစ်ထည့်လောင်ကျွမ်းပေးတာနဲ့
မီးသင့်ငှက်တွေလို အသစ်တဖန်ပြန်သစ်မယ်
မင်း ထင်နေသေးတယ် မဟုတ်လား
ကစားပွဲကအချိန်မလောက်တော့ဘူး
ဆွဲဆောင်မှုတွေနောက်လိုက်ရင်းက့ မှီမလို လိုနဲ့ တန်ဖိုးတက်သွား
အချစ်ဟာ အချစ်မဟုတ်တော့ချိန်မှာ ငါတို့အားလုံး
အဆိပ်ကို မြိန်ယှက်စွာနဲ့ အိပ်မက် အသေတွေမက်ပြီး
ရင်ခုန်နေတဲ့ ရုပ်အလောင်းတွေဖြစ်လာသတဲ့။
ပါဝင်သူတွေ ကွယ်လွန်ပြီးလဲ
ပုံပြင်ဟာရှင်သန်နေဆဲ