နိဒါန်း။
ကျွန်တော့်ရဲ့နောက်ဆုံးနှစ်စာမေးပွဲမှာ
မဖြေဖြစ်ခဲ့တဲ့ စကားပြေတစ်ပုဒ် အကြောင်းသာဖြစ်ပါတယ်။
၁။
အမှန်တရားဆိုတာကလည်း Geology သင်တဲ့ဆရာမလို ပြုံးမြဲပြုံပြီး လှနေတတ်တာ မျိုးမဟုတ်ခဲ့ပါဘူး။ Law Canteen ကထွက်လာခဲ့တော့ ကဗွီးပင်တွေရဲ့ အရိပ်တွေက အလျားလိုက် လမ်းမပေါ် လဲကျနေပြီ။ သမိုင်းလမ်းဆုံဘက်က ဖြတ်သွားတဲ့ ၃၆ ဘတ်စ် ကား တွေကို ကျွန်တော်တို့က ၃၆အနီ လို့ခေါ်ပါတယ်။ အဲသည့်ကားတွေဟာ မြေနီကုန်းဘက်က ပတ်သွားတဲ့ ကားတွေလောက် အစီးရေမများတဲ့အတွက် သိပ်ကိုရှားတယ်။ ကျွန်တော်တို့ King Tea မှာသံပုရာရည်သောက်ရင်း ဒါမှမဟုတ် အအေးတစ်ခုခုသောက်ရင်း အကြာကြီး၊ အကြာကြီးဆိုပေမယ့် ကျွန်တော့်အတွက်တော့ ခဏလေးလိုပါပဲ..စောင့်ကြရတယ်။ ကျွန်တော့်ကဗျာလေးတွေကို သူမကဖတ်ပြီး၊ သူမအပြုံးတွေကို ကျွန်တော်က ဖတ်ပါတယ်။ တခါတရံ သူမက ကဗျာတွေကို နားမလည်ဘူးလို့ ပြောလေ့ရှိပြီး၊ ကျွန်တော်ကတော့ သူမအပြုံးတွေထဲ မှာ လွင့်မြောနေလေ့ရှိပါတယ်။ သူမဟာ မလှပါဘူး၊ ကျွန်တော့်အထင်လည်းဖြစ်နိုင်ပါတယ်။ သူမကိုဘယ်လိုပဲကြည့်ကြည့် ကျွန်တော့်စိတ်ထဲမှာ လှတယ်လို့မှတ်ယူရလောက်တဲ့ တစုံတရာ ကို ရှာမရနိုင်ခဲ့ဘူး။ ဒါပေမယ့် သူမရဲ့မျက်နှာလေး ဟာ ဟန်ချက်ညီလွန်းပါတယ်။ သူမ ပင့်သက်တစ်ချက်ရှိုက်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်ဟာ ၀ါဂွမ်းလေးလို လှုပ်ခတ်သွားလေ့ ရှိပြီး သူမရဲ့ မျက်တောင်တခတ် ဟာသူမမျက်ဝန်းများနဲ့ ကျွန်တော့်အကြား ဆောင်းညများစွာ ခြားသလို ခံစားခဲ့ရပါတယ်။ဒါဟာ အဓိပ္ပါယ်မရှိတဲ့ အလွန်အကျွန်ခံစားမှုတွေ ဆိုပေမယ့် သည်လိုခံစားနေရတာကိုပဲ မဖြစ်နိုင်လွန်းတဲ့ စွဲလန်းမှုတစ်ခုဖြစ်နေခဲ့ပါတယ်။
သူမရင်ထဲမှာ နေရာတစ်နေရာ ရဖို့ဆိုတာကတော့ ၃၆ ကားပေါ်မှာ နေရာရဖို့လိုပဲ ခက်ပါတယ်။ အမြဲလိုလို မတ်တပ်ရပ်စီးရတဲ့ ကျွန်တော်ဟာ သူမထံမှာလည်း မတ်တပ်ရပ်ရုံစာ သူငယ်ချင်းဆိုတဲ့ နေရာလေးသာရခဲ့ပါတယ်။
ကျောင်းဝင်းထဲကနေ ချော်တွင်းကုန်းမှတ်တိုင် ကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ကြာအောင်စီးရပါတယ်။ သမိုင်းအထိရောက်အောင်ဆိုရင်တော့ ၄၅ မိနစ်လောက်ကြာပါတယ်။ သူမဟာ ချော်တွင်းကုန်းမှတ်တိုင်မှာ ဆင်းလေ့ရှိပြီး ကျွန်တော်ကတော့ သမိုင်းမှာဆင်းပါတယ်။ ကားပေါ်က သူမဆင်းသွားတဲ့ အခါတိုင်းမှာ သူမဟာပြုံးပြီး လက်ပြနှုတ်ဆက်သွားတတ်ပါတယ်။ ကျွန်တော်တို့ အမှန်တကယ် ခွဲခွာရချိန်မှာတော့ လေညှင်းဖွဖွလေးတိုးသံတောင်မှ မကြားခဲ့ရပါဘူး။ တကယ်တော့လည်း ကျွန်တော့်ဘ၀ထဲမှာသူမရှိခဲ့တဲ့ အချိန်တွေဟာ ကျောင်းဝင်းထဲကနေ ချော်တွင်းကုန်းမှတ်တိုင် အထိ ခရီးလောက်တောင်မကြာခဲ့သလိုပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော့်ကို သူမနှုတ်ဆက်သွားသင့်ပါတယ်။ တတိယနှစ် စာမေးပွဲပြီးသွားတဲ့ နောက် ကျောင်းပိတ်ချိန်မှာပဲ သူမဟာ လက်ထပ်သွားခဲ့ပါတယ်။
ကျွန်တော်ကတော့ ကျောင်းပိတ်ချိန်မှာ အလုပ်ပြန်ဝင်လုပ်ရင်း ရေသန့်ပို့သူတွေတွေ့တိုင်း လွမ်းဆွတ်နေခဲ့မိပါတယ်။ သူမရဲ့ပုံပြင်တစ်ပုဒ်ထဲမှာ ကျွန်တော်ဟာ ရေသန့်ဖြန့်တဲ့ ဆိုင်လေးတစ်ဆိုင်က အလုပ်သမားလေးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်နံရိုးတွေ တဖြောင်းဖြောင်းကျိုးနေသံကို ပြန်ကြားနေရမယ်ထင်ခဲ့တယ်။ ကျွန်တော်ဟာ ကိုယ်မကျွမ်းဝင် တဲ့ကြိုးဝိုင်းထဲ အလဲထိုးခံလိုက်ရတယ်ဆိုပါတော့။
ညနေ ငါးနာရီခွဲသွားတဲ့ အထိ ကားဝင်းထဲမှာ ကျွန်တော်ထိုင်နေမိတယ်။
၂။
ကျွန်တော် မမှတ်မိချင်တော့ပေမယ့် မှတ်မိနေရတဲ့နေ့တစ်နေ့ပါ။ မြေနီကုန်းက ယုဇနထဲမှာ ငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့ သီချင်းရယ်၊ ကျွန်တော်မနှစ်သက်တဲ့ စားစရာတချို့ရယ် မီးရောင်မှိန်ပြပြလေးရယ်၊ အချိုလွန်နေတဲ့ ကော်ဖီနှစ်ခွက်ရယ်၊ သူငယ်ချင်းတချို့ရယ် ပြီးတော့ ကော်ဖီနှစ်ခွက်ကိုလဲသောက်နေတဲ့ ကျွန်တော်တို့ရယ်၊
ကောင်းကင်အပြာဆုံးနေ့၊ တိမ်တွေအလှဆုံးနေ့၊ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ပဲဖြစ်ဖြစ် အဲသည့်နေရာကို ထပ်ရောက်ဖြစ်တိုင်း ချိုရဲနေတဲ့ ကော်ဖီနှစ်ခွက်ကို ဟမ်း(မ)လော့အဆိပ်ခွက် တွေလိုသဘောထားပြီး သောက်ခဲ့မိပါတယ်။ ဂုဏ်သိက္ခာနဲ့ အမှန်တရားကို ဖက်တွယ်သူ ဆော့ခရတ္တိသေဆုံးသွားခဲ့ပြီးပေမယ့်၊ မွေးဖွားပြီးသား စွဲလန်းတပ်မက်မှုတွေကို မစွန့်ရက်နိုင်သူ ကျွန်တော်ကတော့ ၀ဋ်ဒုက္ခများစွာ နဲ့ ကွေကွင်းခြင်း ငရဲလမ်းမှာ အရှင်လတ်လတ်ကြီးလျှောက်လှမ်းပြနေဆဲပေါ့။ စနစ်တကျလွဲမှားနေတဲ့ ကံကြမ္မာကိုတော့ နားလည်ရခက်ပါတယ်။ စစ်ကိုင်းဆောင်ရှေ့က လမ်းကြားလေးက တစ်ဖျောက်ဖျောက်အနင်းခံနေရတဲ့ သစ်ရွက်ခြောက်ကလေးတွေ၊ ကျွန်တော်တို့ခူးယူဆော့ကစားခြင်းခံလိုက်ရတဲ့ ရေတမါသီးလေးတွေ၊
ဘယ်လိုဆောင်းရာသီပဲရောက်ရောက် ကံ့ကော်ပန်းရနံ့ကိုကြောက်ရွံ့နေမိတဲ့အထိ အတိတ်ရဲ့ဖိစီးမှုမှာ ခြောက်ခြားရူးသွပ်နေမိခဲ့ပါတယ်။ ရာမညဆောင်ရှေ့က ကားမှတ်တိုင်မှာ ထိုင်ရင်း သူမလာနေကြ ပြည်လမ်းအတိုင်း ကျွန်တော်စိတ်ကိုဖြန့်ခင်းကြည့်ဖူးပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြန်ရှာမတွေ့နိုင်တဲ့အထိ ဘ၀ဟာမှုံရီနေလေ့ရှိပါတယ်။ နောင်ဘ၀မှာ လွတ်လပ်ခြင်းများနဲ့ပြန်ဆုံဖို့တောင့်တမိပေမယ့် ဗေဒင်မေးမကြည့်ဖြစ်တော့အခုထိပါပဲ၊ တချိန်တုန်း ကျွန်တော်တို့ ဘာတွေမေးဖြစ်ခဲ့ကြသလဲဆိုတာကတော့၊ ပြန်မမှတ်မိနိုင်တော့ တဲ့ပဟေဠိတစ်ပုဒ်လိုပဲ လွဲမှားနေခဲ့တယ်။
၃။
ကျွန်တော့်ဘ၀မှာ စိတ်လိုလက်ရ စိုက်ခဲ့ဖူးတဲ့ အပင်သုံးပင်ရှိပါတယ်။ စံပယ်ပင်လေးကတော့ ငယ်ငယ်ကနေဖူးခဲ့တဲ့ အဖွားရဲ့ခြံဝန်းလေးကို သတိရမိလို့ပါပဲ၊ နောက်တော့နှင်းဆီပင်လေးတစ်ပင်ရယ်၊ သပြေပင်လေးတစ်ပင်ရယ်ပေါ့။ သူတို့အားလုံးဟာ ကျွန်တော်မျှော်လင့်ထားတာထက် စောလျင်စွာပဲ ကျွန်တော့်မျှော်လင့်ချက်တွေကို အသေသတ်ပစ်ခဲ့ကြပါတယ်။ နှင်းဆီပင်လေးကို ကျွန်တော်သိပ်ချစ်ခဲ့ဖူးပါတယ် ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်ကလေးတွေထွက်လာတယ်ဆိုရင်ပဲ ကျွန်တော် ရင်ခုန်လို့မဆုံးနိုင်တော့။ အားလပ်ချိန်တိုင်းမှာ သူ့ကို Metallica ရဲ့ Nothing else matter သီချင်းကိုဆို ပြလေ့ရှိပါတယ်။ သူမနှင့်တစ်ဝက်စီ ထက်ပိုင်းချိုးယူထားတဲ့ပေတံကလေးနဲ့ ရင်ခုံသံဒိုင်မေးရှင်းတွေ ကိုရေးဆွဲပြခဲ့ပါတယ်။ ကျွန်တော်မျှော်လင့်တာက ပန်းလေးတစ်ပွင့် ပြန်ပွင့်ပေးဖို့ပါပဲ။ နောက်တော့လည်း ကျွန်တော်မျှော်လင့်ခဲ့သမျှဟာ သုညနဲ့အမြောက်ခံရတဲ့ ကိန်းတစ်လုံးလို ရလဒ်စုံးစုံးမြုပ်ခဲ့ရပါတယ်။ ဖေဖေကပြောပါတယ် သုည ဟာတန်ဖိုးဖြတ် မရပါဘူးတဲ့။ ကျွန်တော် ဟာ အစွန့်ပစ်ခံအကြွင်း ကလေးသာဖြစ်တယ်ဆိုတာတော့ သေဆုံးသွားရှာတဲ့ နှင်းဆီပင်ကလေးက သာသိနိုင်ပါလိမ့်မယ်။ ကျွန်တော်နဲ့သူမအကြား မှာ ပန်းလေးတစ်ပွင့်စာကိုတောင်မှာ ကံကြမ္မာက ဂရုဏာကင်းကင်းနဲ့ပယ်ချခဲ့ပါတယ်။ ကျွန်တော်ဟာ ကလေးတစ်ယောက်ပါ ကျယ်ကျယ်လောလောင်ငိုပြနေရုံနဲ့တော့ လောကကြီးဆီက ဘာမှမရနိုင်တော့မှန်း နားလည်ခဲ့ပါတယ်။
အတိတ်ရဲ့အစိတ်အပိုင်းတချို့ ပြီးဆုံးသွားပြီးနောက် နောက်ဆုံးနှစ်ကျောင်းပြန်တက်ချိန်ဟာ ဘ၀တဲ့ အဆိုးဝါးအနက်ရှုင်းဆုံးကြေကွဲရတဲ့ အစိတ်အပိုင်းများ ဖြစ်ခဲ့တယ်။ သေဆုံးသွားတဲ့ မျှော်လင့်ချက်တွေကို ရည်ရွယ်ရင်း သပြေပင်လေးတစ်ပင်ကို ဘွန်ဆိုင်း လုပ်ကြည့်ဖို့စိတ်ကူး စိုက်ပျိုးခဲ့ပါတယ်။ ဖြစ်ရပ်တွေသာ ဟောင်းသွားပေမယ့် အကြောင်းတရားတွေကတော့ မလွင့်စင်နိုင်သေးပါဘူး။ ကျိုးသွားတဲ့ ဘီးကုပ်အပိုင်းလေးရယ်၊ ပုံဆွဲခဲတံလေးတစ်ချောင်း ရယ်၊ မပြည့်စုံနိုင်တော့တဲ့ ပေတံအပိုင်းလေးတစ်ခုရယ်၊ အစရှိတဲ့နာကြင်မှုတွေနဲ့ ကျွန်တော့်အသက်ရှုသံတွေဆက်လက်ဖူးပွင့်နေခဲ့ပေမယ့်၊ သပြေပင်လေးကတော့ ကျွန်တော်ရဲ့ ဥပက္ခာတွေ အောက်မှာ သေဆုံးသွားခဲ့ပြန်ပါတယ်။ တစ်သက်လုံးပျော်ချင်ရင်သစ်ပင် စိုက်ပါ ဆိုတဲ့ တရုတ်စကားပုံလေးကတော့ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ပေးရတော့ မယ်ထင်ပါရဲ့။
၎။နိဂုံး
အဆောင် ၃၅ ရှေ့က ဓာတုဗေဒ အဆောင်ဆီသွားတဲ့ ကွန်ကရစ်လမ်းကျဉ်းကလေးကတော့ အရင်အတိုင်း ကဗွီးပင်တွေအုပ်ကိုင်းပြီး မှုန်မှိုင်းနေဆဲပါပဲ။
ကျွန်တော်ဟာ အသည်းကွဲနေရသူဖြစ်သတဲ့ သူငယ်ချင်းတချို့ ကဆိုပါတယ်။ အဲသည့်စကားလုံးထက်ပိုပြီး ကျွန်တော်ဟာနှလုံးသားနေညိုချိန်ရောက်ခဲ့သူသာဖြစ်ပါတယ်။ နောက်ထပ်ပျိုမြစ်လန်းဆန်းတဲ့ရင်ခုန်သံအသစ် တွေ မကြားဖြစ်နိုင်တော့တာ အခုထိပါပဲ။ သူမဟာ အနွေးထည်အနီရောင်ကလေး ၀တ်ထားတယ်၊ File ကလေးကိုပိုက်လို့ ပြီးတော့ခေါင်းကလေးကိုလည်းငုံ့ထားခဲ့တယ်။
အခြားသောကမ်းပါးတစ်ဖက်ဆီမှာ...
ကျွန်တော်နဲ့ဆန့်ကျင်ရာလမ်းဆီမှာ၊
ကမ္ဘာကြီးလုံးတယ်လို့ ဆိုပါတယ်။
အရှေ့အနောက်ဆိုပေမယ့် ဘယ်တော့မှ
အချိုလွန် ကော်ဖီခွက်ကလေးတွေကိုယ်ဆီနဲ့ ပြန်မဆုံနိုင်တော့ တဲ့အခါမျိုးမှာ . . . .
- - - - - - - - - -
ဂိတ်မှူးကပြောပါတယ် ဒါဟာ နောက်ဆုံးကားပဲတဲ့
ကျွန်တော်လည်း နေရာလွတ်တွေများစွာနဲ့ ၃၆ ကားကြီးပေါ်တက်ရင်း...
အိမ်ရှိရာအရပ်ဆီပြန်လာခဲ့ပါတော့တယ်။