ဝ။
လက်နက်ချပြီး ရတဲ့ အနိုင်ထက်
နိုင်အောင်တိုက်ပြီး ရှုံးရတာ
ပိုမြတ်နိုးခဲ့။
ရိုင်းတယ် ဆိုလည်း
ခေါင်းငြိမ့် ပြလိုက်ရုံပါပဲ။
မိုက်မဲသူတစ်ယောက်ရဲ့ စရိုက်အတိုင်းပေါ့။
အသေခံဖောက်ခွဲတိုက်ခိုက်ဖို့အထိ
မရူးသွပ်သေးကြောင်းကိုတော့ နင်ယုံကြည်ဖို့လိုလိမ့်မယ်။
အနုပညာကို ချစ်ခဲ့တာလား
အဖြေက နင်ကြားဖူးနေကျ အငြင်းစကားစုတချို့ပဲ
ဒါ ငါဘိန်းစွဲနေလား အမေးနဲ့အတူတူ လို့ခံယူတယ်
ငါစွဲလန်းနေတဲ့ မူးယစ်ဆေးက
နင့် အလိမ်အညာတွေအတွက် နာကျင်ရမှုပဲ။
၁။
တချိန်ကဆို
မျှော်လင့်ခြင်းတွေနဲ့ အသိုက်အမြုံတစ်ခုဆောက်
နင်ရယ်.. ငါရယ်
နောက်တော့
(သည်နေရာမှာ နင့်ကို စွပ်စွဲဖို့ မ၀ံ့ရဲသေးတဲ့အတွက်)
ကံကြမ္မာ
အဲသည့် ကံကြမ္မာဟာ အချိန်ကိုက်ဗုံးတစ်လုံးလို
ပေါက်ကွဲ . .
ချစ်ခြင်းမေတ္တာရဲ့ အလှတရား၊ သိမ်မွေ့နူးညံ့မှုတို့
မျက်နှာလွှဲခံလိုက်ရတဲ့
သွေးအိုင်ထဲက
ငါ့ရဲ့ တစစီ ကို ငါပြန်ကောက်ရင်း
ပွေ့ဖက်ကျိန်ဆဲမိ၊ ကိုယ့်ကိုယ်ကိုယ်။
ခံစားခွင့်မရှိတဲ့ တရားမျှတမှုရေလို့
အော်ခေါ်ကြည့်တယ်။
ထိုက်တန်တဲ့ ၀ဋ်ကြွေးကပဲပြန်ထူးခဲ့။
မှတ်မိသလောက်
တောင်စောင်းက လိမ့်ဆင်းသွားရတဲ့ မြစ်တစ်စင်း။
၂။
ဒဏ်ရာတွေနဲ့ လှပနေတဲ့ အဲသည့်ကာလ
ရေတံခွန်ကို
လူတစ်ယောက်သက်တမ်း နံရံမှာ
သပ်သပ်ရပ်ရပ် ချိတ်ဆွဲထားလိုက်တယ်။
အတိတ်ကို
သူ့ကို
သူ့ရဲ့ ၀တ်ဆံရနံ့ ပြင်းပြင်းတွေကို
သတိတရရှိတိုင်း ငါငေးမိ။
ငေးမိသမျှ အခိုက်အတံ တိုင်းမှာ
ငါ့ကို စောင့်ဆိုင်းနေတဲ့ မနက်ဖြန်တွေကို
ပြန်မေ့လျော့
ငါ့ ယန္တယားဟာ ပစ္စုပ္ပန်မှာပဲ သံပတ်ကုန်သွားသလိုလို။
လရိပ်အကွယ်
ဒီရေအကျ
စိုစွတ်နေတဲ့ အကြည့် ပြတင်းကို
အလန့်တကြားပိတ်ချရင်း
ငါဟာ
ဘယ်တော့မှ ပြန်လည် မစိမ်းလန်းလိုတော့တဲ့
သစ်ပင်
အသက်က ခန္ဓာထဲ အမြစ်တွေ ထိုးဖောက်
ကုပ်တွယ်နေတာ ပြန်တွေး၊
ဒုက္ခတွေ လှောင်ပြုံးတစ်ချက်ပြုံး ခါချမိ။
၃။
တခါတလေများဆို
ငါသွေးနေတဲ့ ဓားကပဲ
ငါ့လည်ချောင်းသွေးကို ပြန်ငေးနေသလို
တိုက်ပွဲမရှိတော့တဲ့ ရဲမက်အိုအတွက်
လက်နက်ကတောင် ခါးသက်စွန့်ခွာချင်သလို
စိတ္တဇ။
ဝမ်းနည်းပါတယ်
ငါ့မြို့မှာ အလံဖြူမရှိ
သိခဲ့သမျှ
နင်မှတ်တမ်းထဲ
ငါအသုံးမကျ-
ငါ့သဘောထားမှာက
နင်သာ စာလုံးပေါင်းမှားနေတာဖြစ်တယ်။
အဖြစ်မှန်က
ငါက အသုံးချခံဘ၀ကို ငြင်းဆိုမိတာ။
သည်လိုနဲ့
ငါ့ လက်တဖက်ကို ငါ့လက်တဖက်နဲ့
ဆုပ်ကိုင် အားပေးရတဲ့ဘ၀ထဲ
ငါကျန်ရစ်ခဲ့တယ်။
၎။
ဒါသာ ရုပ်ရှင်ပြကွက် တစ်ခုဆို
တဖြည်းဖြည်း မှောင်သွားတဲ့ ပိတ်ကား
ပြီးဆုံးကြောင်း စာတန်းတွေနောက်
ဖြတ်ကနဲ ပြန်လင်းလာတဲ့ အခန်းထဲက
ဘ၀ အစစ်ဆီ ထပြန်ခဲ့ရရုံပဲ။
အခု
မျက်လုံးမှိတ်လိုက်တိုင်း
စိတ်ထဲမြင်တဲ့ နင့်အရိပ်
အဲသည့်စိတ်နဲ့ နိုးခဲ့တဲ့ အိပ်မက်တွေ
မေ့ပစ်ဖို့ကြိုးစားရင်း
မအောင်မြင်ခဲ့ခြင်း အခန်းထောင့်မှာ
ဆုတ်ဖြဲစုပုံထားခဲ့တယ်။
ဘယ်နေကွယ်ရင် ဆုံးမှာလဲ
သည်တောင်စွယ်မှာ
ဒူးထောက်ဖို့ ငြင်းပယ်ဖူးတဲ့
ရာဇ၀တ်သားဟာ
နောင်တများနဲ့ စောင့်နေဆဲ။
နိဂုံး။
တနေ့နေ့ပေါ့
(အရင်ကလည်း တနေ့နေ့ပေါ့လို့ နင့်ကို နှစ်သိမ့်ခဲ့ဖူးတယ်.. ဘယ်တော့မှဖြစ်လာတာ တစ်ခုပဲ)
သည်အဓိပ္ပါယ်တွေကို ငါပြောပြချင်ပါသေးတယ်
တဘ၀ထက်ပိုပြီး
သည်အမှတ်တရတွေကို
မှတ်မိခွင့်ရှိမယ်ဆိုရင်
သံသရာရဲ့ ဖြတ်မှတ် တနေရာရာမှာ
နင့်ရဲ့ နောက်ထပ်ရက်စက်မှုတွေကြား
ငါ နောက်ထပ်တကြိမ်လောက် သေဆုံးခွင့်ရချင်ပါသေးတယ်။
ကိုယ့်အတ္တအတွက် အနိုင်တိုက်မိတဲ့ငါ
အခါခါရှုံးပြဖို့
နောက်မတွန့်ပါဘူး … အချစ်ရယ်။
သည်ဘ၀အတွက်တော့
နှုတ်ဆက်ခဲ့ပါတယ်။
နိုးဝေ ( ၁-၂-၁၃)