Saturday, February 07, 2015

နယုန်


ဘယ်မှ မရောက်တဲ့ လမ်းပါ

ကိုယ့် စွဲလန်းစိတ်က

မခွဲခွာနိုင်တဲ့ ခြေလှမ်းတွေ။

နယုန် . .

ပေါက္ခရဝဿမိုး

တိုးတိုးလေး ကိုယ့်ရင်မှာရွာပါ။

မနက်ဖြန်ရောက်ရင်

မြက်ခင်း စိမ်းစိမ်းလေးတွေအကြောင်းပြောရအောင် . .

ကိုယ့်ကို ဖုန်းခေါ်ပါ  . .။

နယုန် . .

တိမ်တွေကို မင်းရွေ့ပစ်လိုက်ချိန်မှာပဲ

အိပ်မက်က လန့်နိုးခဲ့တယ်။

ကိုယ်က ဆက်လျှောက်နေမိဆဲ

တစ်ယောက်ထည်း။

Continue Reading...

ဂျူ(န်)

 ၁။
သူထွက်သွားပြီး ခဏမှ
မိုးကစရွာတယ် . . .

သူ့ကို ရွေ့သွားခွင့်ပြုလိုက်ရမယ့်အစား
တိမ်တွေကို ရွှေ့ယူသွားပေးပါလား
စိုစွတ်နေတဲ့ ကိုယ့်အကျီတွေ ခြောက်သွေ့သွားတဲ့အခါများ
ပွေ့ဖက်ထားဖူးတဲ့ သူကိုယ်ငွေ့လေး
လွင့်ပြယ်သွားတော့မှာလား။

မြင်လေရာမှာ တမ်းတတဲ့စိတ်ပဲ
တသွင်သွင်စီး
ဖြတ်သွားတဲ့ ကားဘီးဆီက
ရွံ့ရေစက်တွေထဲမှာတောင်မှ
သူ မကြားလိုက်တဲ့ ကိုယ့်ခေါ်သံလေးပြန်တွေ့ရတယ်။

တစ်ယောက်ထဲ လျှောက်နေမိရင်း
သူပြန်ရောက်လာတယ်
သူနဲ့ ကိုယ်နဲ့ အဝေးကြီးဆိုပေမယ့်
ကိုယ့်လက်မောင်းကို လှမ်းဆွဲလိုက်တဲ့
သူ့လက်ဖဝါးရဲ့ အထိအတွေ့ကို ကိုယ်ခံစားရတယ်။

အဲသည့် အတွေးဟာ ခဏလေးပဲ

နောက်ထပ်ခြေလှမ်း တစ်လှမ်းမှာ
နောက်ထပ် မိုင်များစွာ
ကိုယ် ခဏလေးရပ်လိုက်တယ်
ဒီထက် ပိုမဝေးလို့မရဘူးလား

ကိုယ် ခြေလှမ်းအနည်းငယ် နောက်ပြန်လျှောက်ကြည့်တယ်
စိတ်ထဲက သူများ
ကိုယ့် အနားရောက်လာမလား
. . . . . . . . . . . . . . . .
ကမ္ဘာကြီးက ကျဉ်းပါတယ်
နှလုံးသားထဲ နေရာမရှိတဲ့အခါမျိုးမှာတော့
မြို့လေး တမြို့ဟာ စင်္ကြာဝဠာ။

မိုးတိတ်သွားပေမယ့်
မိုးမစဲဘူး။
ကိုယ့် ရင်ခွင်ဟာ သူ့အိမ်မဟုတ်တော့တဲ့အခါမျိုးမှာ
ပြန်ဆုံခြင်းဟာ
မနေ့ကပြီးဆုံးသွားတဲ့
မေလ တစ်လသာ ဖြစ်တော့တယ်။

၂။
၂၁။
ထွက် ထွက် သွားတဲ့ ရထားတိုင်း ပြန်လာစမြဲ ဆိုတော့
အကြိမ်ကြိမ်ခွဲသွားလို့ အသည်းကွဲနေတဲ့
ဘူတာရုံ ဆိုတာ မရှိလောက်ဘူး ကိုယ်တွေးတယ်။
ဂျူ(န်)
လှောင်အိမ်ဆီပြန်သွားတဲ့ ငှက်ကလေးလိုလား
သစ်ချောက်ပင်က
အမျှော်ကြီး မျှော်နေမိတာ။
အလွမ်းရဲ့ပူလောင်ပြင်းထန်မှုမှာ
တံလျပ်က မင်းသဏ္ဍာန် . . .
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး
ကိုယ့်ရဲ့ အပိုင်းအစတွေ တစိမ့်စိမ့်ကြည့် ရယ်မောချင်တဲ့ အထိ မုန်းတီးမိတယ်။
အချစ်တဲ့
မျှော်လင့်ချက်မဲ့စွာ ပေးဆပ်ခဲ့ပါလျက်
ဒဏ်ရာတွေ တံစိုးလက်ဆောင်လို အထပ်ထပိရနေတာ
ရင်နာ။

၂၂။
အချစ်က အရေးမကြီးကြေးသာဆို
ဒီကမ္ဘာမှာ စစ်ဖြစ်စရာ လူတောင်ရှိမှာ မဟုတ်။
ဘာလေးဖြစ်ဖြစ် အဆင်ပြေတာ ကောက်စွပ်လိုက်ဖို့ဆိုလည်း
အိမ်ထောင်ရေးဆိုတာ ဂျင်းတစ်ထည်လောက်
ချွတ်ပြီး လွှင့်ပစ်ဖို့ မလွယ်။
ဂျူ(န်)
မင်းမှမင်းပဲ
ကိုယ့် နှလုံးသားကို ဈေးမချနိုင်ဘူး။

၂၃။
ကိုယ်ပြောရင် မင်း မယုံလောက်ဘူး ဂျူ(န်)
ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်လောက်အောင်ပဲ။
တိုးတိုးလေး ကိုယ်ခေါ်မိတယ် . .
ဂျူ(န်)
ရင်ထဲ သမုဒ္ဒရာမှာစမ်းသပ်လိုက်တဲ့ ဟိုက်ဒရိုဂျင် ဗုံးတလုံးလို ပေါက်ကွဲ။
လှိုင်းတွေ မစဲတော့
ကြားရဲ့လား . . . ဂျူ(န်)

၂၄။
ကိုယ်ဟာ ပုရွက်တွင်းထဲက သကြားခဲ တစ်ခုအလား
အလွမ်းတွေ တိုက်စားနေတဲ့ ကမ္ဘာထဲ လူးလွန့်ပဲ့ကြွေနေရတာ
မင်း ပြန်လာမှာလား . .
မင်း ပြန်လာမှာလား . .
မင်း ပြန်လာမှာလား . .
မနက်ဖြန်ရောက်တော့မယ် . . .။
နှလုံးသားနဲ့ မဆန့်တဲ့ အိပ်မက်တွေ ဖိတ်စင်နေဆဲ . . . .
မင်း ပြန်လာခဲ့ပါလား..။
ဘေဘီ . . . .
ရနံ့တွေကို သတိရတိုင်းပြန်ရခဲ့ . . .
အေပရယ် တစ်ရက် နေ့ တစ်ရက်စာလေးဖြစ်ဖြစ်
မင်း ပြန်ခဲ့ပါလား။
၂၅။
စေ့ထားသော တံခါးများကို ဖတ်လျက်
သု့ကို သတိရ
တာအိုတေချင် ခေါ် တောက်တယ်ကျင်းက
အလွမ်းကို မလွန်ဆန်နိုင်။
တခြားတခုခုဆိုတာက
အသက်ရှင်ရန် ကျန်ရှိသော နေ့ရက်များကို
ရေတွက်ခြင်းလား။
ဒါလည်း
ဘာမှအရေးမကြီးတော့ တဲ့ အကြောင်းအရာ။
နတ်ဘုရားတွေ ကိုယ်ထင်ပြပြီး
ကြိုက်တဲ့ ဆုတစ်ခုခုတောင်းဆိုရင်တောင်
တပါးသူရင်ခွင်မှာ ပျော်ရွှင်နေသူ
သူ့အား လုယူရမယ့်အစား
သံသရာမှာ ဆက်ဆက်ဆုံတဲ့ အခါများ
ကိုယ်ဟာ တစ်ဦးတည်းသော
သူ့နှလုံးသားပိုင်ရှင် ဖြစ်ချင်တယ်လို့
တောင်းဆိုမိမလား မသိ။
သူ့အတွက် ရည်စူးခဲ့တဲ့ ကိုယ့်ရဲ့အချစ်ဟာ
မှင်နီ အထပ်ထပ်နဲ့ အမှတ်မရခဲ့ သောပုစ္ဆာ။

၂၆။
လောကဓံရဲ့ ခက်ထန်လွန်းတဲ့ မျက်နှာစာမှာ
တခြား သွားရန် စစ်မြေပြင်မရှိတော့သည့်အလား
ဒီဆိပ်ကမ်းမှာ မုန်တိုင်း မစဲတော့
တရားနဲ့ဖြေခဲ့သမျှလည်း
အောက်စီဂျင်ရယူမှု
ရေ နှင့် အစာ အဟာရ
အနုပညာ အာရုံခံစားမှု
ချစ်ခြင်းမေတ္တာ
ဘယ် အစိတ်အပိုင်းမှာမှ သုခ ဝေဒနာကို ရှာမတွေ့။
ရှစ်ပါးရှိပါလျှက် သူ့ရဲ့မမျှတမှုဟာ ကိုယ့်ကမ္ဘာမှာ ထူးခြား။
ဂျူ(န်)
တိုင်တည်ပြောရလွန်းလို့ မင်းလည်း တခါတလေ
အမုန်း ဒီဂရီတိုးမယ် ကိုယ်ထင်မိ။
ကိုယ့် မှာ တခြားလည်း မရှိတော့ပြီ။

၂၇။
အိမ်ပြန်ချိန်ရောက်ပြီ ဆိုပါတော့
ကိုယ် ဘယ် ကို ခြေ ဦး လှည့် ရ မယ် မသိ . .
ဘေဘီ . . ။
ကိုယ် နား မင်း မ ရှိ တော့ ရုံ နဲ့ အ ရာ ရာ ခြောက် ကပ် ညှိုး နွမ်း သွား အောင် ပြု စား နိုင် တဲ့ ကျိန် စာ ကို ကိုယ် ဦးညွှတ်ရင်း။
မင်း နဲ့ လွဲ ချော် သွား တဲ့ နောက် ပစ် မှတ် မ သိ တော့ တဲ့ ကျည် ဆံ တစ် တောင့် လို့
ရည် ရွယ် ရာ မဲ့ ဝဲ ပျံ ခဲ့ ရ ပေါ့။
ကိုယ့် အရှုံးတွေ ... နံရံ ကမ်းပါး လမ်းမ အိပ်မက်
အားလုံးမှာ ပြည့်နှက်နေခဲ့၊
ချစ်
ခြေလှမ်းတွေဟာ သင်္ဘောတစ်စင်းလိုပဲ မာလိန်မှုးလိုအပ်တယ်
သံလမ်းရှိရုံနဲ့ ရွေ့လျှားတတ်တဲ့ မီးရထားလို ကိုယ်မှ မသွား တတ်ဘဲ။
အလွမ်းရဲ့ သမုဒ္ဒရာပြင်ထဲမယ်။

၂၈။
မင်းထွက်ခွာသွားပြီးနောက်
အလွမ်းဟာ ဆိုက်ကပ် ကျောက်ချ။
ပျက်သုဉ်းခြင်းက စိုးမိုးအုပ်ချုပ်
ကိုယ့်ဆိပ်ကမ်းဟာ ကောနေတဲ့ ပင်လယ်ကမ်းခြေမှာ ဆောက်လုပ်ထားသလိုအသက်မဲ့
မုန်တိုင်း ကိုရူရှိုက်ရင်း
ရှင်ကျန်ခဲ့ရတယ်။
ဘေဘီ ပြန်လာပါ။
နောက်တော့ လှိုင်းကလေးတွေ လို မင်းသောင်ပြင်မှာ ခစားနေခွင့် ပေးပါ၊ ကိုယ့်ကို။

၂၉။
အလုပ်တွေ သိမ်း ကွန်ပြူတာပိတ်... အိပ်ယာပေါ်ဖြေးဖြေးချင်းလှဲချလိုက်တယ်။
ကိုယ့်မှာ ဘာမှ လုပ်စရာမရှိတော့ဘူးဆို စိတ်နဲ့ အပြည့် မင်းအကြောင်းတွေ ပြည့်နှက်
ကိုယ် ဒီလို တသက်လုံးတွေးနေမိမှာလား . .။
အရာရာခါးတယ်.. ဘေဘီ။
ခါးသက်ခြင်းကို စွဲလန်းတတ်တာလည်း ကိုယ်ပဲ။

Continue Reading...

Our Team

Know us

Blogroll

Video of the Day

About

Contact us

Name

Email *

Message *