အခုနင့်ဖုံးကိုခေါ်ခွင့်မရှိတော့တဲ့ငါ
လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်အတွက် ဆန္ဒပြရမလား . .။
နင်နဲ့ငါရဲ့ ဇာတ်လမ်းဟောင်းတွေကို
ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံလို စာအုပ်တစ်အုပ်ထုတ်ရမှာလား။
စိတ်ကျရောဂါ တစ်ခြမ်း
လွတ်လပ်ချင်တဲ့ အရင်းနှီးကြီးတယ်
သံယောဇဉ် ကို မြတ်နိုးလျက်နဲ့
သံယောဇဉ် အဖြတ်ခံရတဲ့ မျက်ခွက်ကို
မှန်ရှေ့ဖြတ်တောင် အမှတ်တမဲ့ မကြည့်ဖြစ်ခဲ့။
နင်က တခြားတစ်ယောက်ကို ပိုချစ်သတဲ့
ကြေးနီသိုက်တစ်ခုအတွက် ပစ်ခဲ့တဲ့ ဗုံးတလုံးလို
ငါ့ရင်ထဲ မီးစွဲကျန်ခဲ့
ရက်စက်နိုင်လောက်တဲ့ ခွန်အားကို
တစ်ဖက်နိုင်ငံက ရခဲ့ကြောင်း ငါကောင်းကောင်း နားလည်။
သုံးပွင့်ဆိုင်အဖြစ်မှာ တစ်ယောက်ကအမြဲစစ်ရှုံး
ကြည့်လေ နင်တို့ လင်းဖို့ စွမ်းအင်အတွက်
ငါ့မျှော်လင့်ခြင်း သယံဇာတတွေ စတေးခဲ့ရပြီး
ငါ့မြို့ကလေးကိုကျ ချေးငှားရတဲ့ ငွေနဲ့မီးပေးနေရပြီ။
ဒါနဲ့ စိတ်ကျရောဂါရခဲ့သတဲ့
ဒါနဲ့ အမုန်းတွေက
သူမ မနှစ်သက်တဲ့နှုတ်ခမ်းမွှေးတွေလို
လွှတ်တော်က စက်ဆုပ်တဲ့ ဒေါက်တာဆိတ်ဖွားလို
အကျည်းတန်တန် ထိုးထောင်နေသတဲ့
ငါ ခွင့်မလွှတ်တာသေချာတယ်..
ပြောကြည့်
တခြား ဆီလျှော်ရာ အကြောင်းအရာတခုခု ပြောကြည့်လေ . . .
သည်အဖြစ်က သည်နိုင်ငံလိုပဲ
အရာအားလုံး စွန့်လွှတ်တောင်းခံခဲ့တဲ့ အရပ်သား အစိုးရအစား
ပုဆိုးဝတ်ထားတဲ့ ဗိုလ်ချုပ်တွေရဲ့ စစ်အုပ်ချုပ်ရေးပဲပြန်ရခဲ့တဲ့
ငါတို့အဖြစ်လိုပဲ . .။
ငါတောင်းဆိုမိတာက လွတ်လပ်တရားမျှတမှုအကြောင်း
နင်ကပြန်ပေးခဲ့တာက လွန်ကဲလွန်းတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ။
အချစ်ကို ဈေးမလျှော့နိုင်တဲ့ ငါ့ကို နင်စွန့်ပစ်လို့ရပါတယ်
နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ထပ်လာတဲ့အခါ
နင်ဘယ်လို ဖြေမလဲ ငါကြားချင်သေးတယ်။
ထမင်းတနပ်စားပြီးချွေတာရုံနဲ့
ဝဋ်ကြွေးလို အလွမ်းတွေကို ဒီဘ၀မှာ အပြီးသတ်ခွင့်ရချင်တယ်။
မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း
တွေးတောင်မကြည့်ဖူးတဲ့ အဝေးက ငါ့ရှေ့
ခြေစုံရပ်လှောင်ပြောင်နေမှပဲ . . .
ဘင်္ဂလီ အမတ်တွေတောင် လွှတ်တော်ထဲ ရောက်နေမှပဲ . .
ခွေးလေးတစ်ကောင်လောက် မရိုးသားသူတွေတောင် စစ်ပြေငြိမ်းနေမှပဲ . .
ငါလည်း မာလီ ကအကြမ်းဖက်သမားတွေကို ထိုးစစ်ဆင်နေတဲ့ ပြင်သစ်တပ်တွေအတွက်
လက်ခုပ်ထိုင်တီးအားပေးနေရုံပဲပေါ့ကွယ်။
(အရင်က ဒီလိုကဗျာမျိုးကို ကောင်မလေးဖတ်ဖို့အချစ်ကဗျာဆိုပြီး ရေးဖူးတယ်.. ဒီတစ်ခါတော့ ရည်းစားဟောင်းဖို့ပေါ့)