အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့
မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..
ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း
ချစ်မယ်။
တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့
လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်းချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —
အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့ဆက်စပ်ပြီးရေးထာခဲ့တာမို့
အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)
Monday, June 24, 2024
ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ
Subscribe to:
Post Comments (Atom)
Designed By Templateism | Seo Blogger Templates
No comments:
Post a Comment