Monday, September 15, 2014
အ အ အိပ်မက်
(၁)
ဒီအကြောင်းကို မပြောတော့ဘူးလို့နေတာကြာပြီဖြစ်ပေမယ့်.. ကိုယ့်ရည်းစားရဲ့ Mail Box ကို အမှတ်တမဲ့ (ဒါမှမဟုတ်) ရည်ရွယ်ချက်ရှိရှိဖွင့်ကြည့်မိတာရယ်၊ ပြန်ဆုံဖြစ်ဖို့ မသေချာတဲ့ သူမကို ဘတ်စ်ကားပေါ်မှာ အမှတ်မထင် ဆုံတာရယ်.. ကိုယ့်ရည်းစားတွဲခဲ့တဲ့ကောင်တွေက ကလေကချေ ပေါက်လွှတ်ပဲစား အရက်သမား၊ စစ်သား၊ အနုတ်စုတ်ဂုတ်စုတ်တွေဖြစ်နေတော့ .. ကိုယ်ကိုယ်ကိုယ်ပါ မလုံမလဲ.. ဒီမိန်းမနှယ် ဒီလိုအောက်တန်းစားတွေကြိုက်ရတယ်လို့ .. သူက ငါ့ကိုလည်း ကြိုက်တယ်ဆိုတော့ ငါလည်း အောက်တန်းစားကြီးဖြစ်နေပြီပေါ့။
ညက အိပ်မပျော်ဘူး။ အချိန်တန်တော့ နေထွက်ပြီး ညမရှိတော့ဘူး (ဒီနေရာမှမိုးလင်းတယ်လို့ မသုံးဝံ့ဘူး) အလုပ်သွားရမယ့်အချိန်ရောက်လာတယ်။ စိတ်ပျက်ပျက်နဲ့ ကားပေါ်တက်ထိုင်ပြီး ငိုက်နေတုံး သူ့ကိုတွေ့တာပဲ။ သူဘယ်မှာ ဆင်းမလဲသိချင်တာနဲ့ ဆက်အိပ်မငိုက်ဖြစ်တော့ဘူး.. ကံကောင်းချင်တော့ ကျနော်ဆင်းတဲ့မှတ်တိုင်မှာပဲဆင်းတယ်။ ကံဆိုးချင်တော့ အဲ့နေရာက အခု လက်ရှိတွဲနေတဲ့ ကောင်မလေးနဲ့မုန့်သွားစားတဲ့နေရာကြီး ဖြစ်နေပြန်ရော .. သူက အဲ့ဒီအနားမှာ အလုပ်လုပ်တာပေါ့.. ဒါဆိုရင် နည်းနည်းတော့ ခက်ပြီ။ အဲ့အနားမှာ ဆက်ရပ်ပြီး ဟိုတွေး ဒီတွေးနေတုံး ကိုယ်ငေးနေကျကောင်မလေး ကားပေါ်ကဆင်းလာတယ် သူကို့ မတွေ့တာ တော်တော်ကြာပြီ ထင်မိပေမယ့် သူ့ ယူနီဖောင်းအရောင်ပြောင်းသွားလို့ မမှတ်မိတာလည်း ဖြစ်နိုင်တယ် . . . အင်း သူလည်း မဆိုးပါဘူး...။
(၂)
ကျနော်ဘာဖြစ်ချင်တာလဲဆိုရင် ဘာမှမဖြစ်ချင်ဘူး... ဘာမှမဖြစ်ချင်တဲ့စိတ်ကြောင့်ပဲ
စိတ်ပျက်လက်ပျက်ကျရှုံးဖူးတယ်။ သိပ်နက်ရှိုင်းတဲ့ဒဏ်ရာတွေဟာ ဘယ်တော့မှ
အရှင်းမပျောက်နိုင်သလိုပဲ.. တိုက်ဆိုင်ရင် အဲဒီအကြောင်းကို ပြန်တွေးနေမိသေးတယ်။ ဒါထက်ပိုပြီး စိတ်လှုပ်ရှားစရာ နှုတ်ခမ်းတွေအကြောင်းရှိသေးပေမယ့်။ အဲဒီတစ်ယောက်က သူ့အကြောင်း ထုတ်ဖော်ပြောဆိုခံရမှာကို နှစ်သက်ပုံမရဘူး။ မနက်က တော်တော် ဝေးဝေးရောက်မှ သူဖျတ်ကနဲလှည့်ကြည့်တာ အမှတ်တမဲ့မြင်လိုက်တယ်။ သူ ကျနော့်ကို လှည့်ကြည့်တာလား။
လှည့်ကြည့်စရာကလည်း ကျနော်ပဲ ရှိတာကို..။ သူ့အကြောင်းဆို သူနဲ့ အတူတွဲလာခဲ့ဖူးတဲ့ ကလေးချီထားတဲ့လူအကြောင်းပါလာပြန်ရော၊ မဖြစ်နိုင်တာ... သူသာ အိမ်ထောင်ရှိမယ်ဆို ဘာလို့လှည့်ကြည့်နေမှာလဲ။ မနက်က သူ့လက်ထဲမှာ ဖုံးတစ်လုံးကိုင်ထားတာတွေ့မိတယ်၊
သူ့ဖုံးနံပါတ်ကို သိချင်မိပေမယ့် ဖုံးဆက်ပြီး ကျနော်ဘာပြောရမလဲ ကျနော်မသိဘူး။ တခါတုံးက ညလုံးပေါက်နီးပါ:.. တညလုံးတော့မဟုတ်ဘူး ဖုံးပြောခဲ့ဖူးတဲ့ ညတညရှိတယ်.. ဘာတွေပြောခဲ့ကြလည်းတော့ ကျနော်မမှတ်မိဘူး.. တော်တော်မိုက်တယ်.. အခုတောင် ပြန်တွေးရင်း ပြုံးမိတဲ့အထိပဲ .. တခါတလေတော့ ကျနော်သူ့ကို သတိရတယ် များသောအားဖြင့်တော့ သတိရမချင်ဘူး ကျနော်နဲ့သူကြားမှာ ဘယ်တုံးကမှ ကြိုးတွေ မရှိခဲ့ဘူးတဲ့ . . သူ့နှုတ်ခမ်းတွေအကြောင်း သူပြန်သိချင်ဦးမှာလား။ ထားလိုက်ပါ အဲသည့် နှုတ်ခမ်းပိုင်ရှင်က သူ့အကြောင်း ကို ထုတ်ဖော်မပြောဖို့ အတန်တန်မှာထားတာပဲ.. ထားရတာတွေ သိပ်များရတဲ့အထဲက နောက်ထပ်ထားလိုက်ရတဲ့တစ်ခုပေါ့ . . .။ အခု ကျနော့်ရဲ့ မရေမရာ စိတ္တဇဆန်ဆန် သူမနဲ့ကော သည်လိုဖုံးပြောခွင့်ရဦးမှာလား.. သည်အတွေးဟာ သိပ်များလွန်းသွားပြီ။
ကျနော့်မှာ ရည်းစားရှိနေတာပဲ.. သူသိရင် စိတ်ဆိုးမှာ သေချာတယ်။
(၃)
ကျနော့်မှာ ရည်းစားရှိတယ်လို့ ခဏခဏပြောမိလား မသိဘူး၊ ကျနော်လည်း ကျနော့်မှာ
ရည်းစားရှိတယ်ဆိုတာ တကယ်ဟုတ်မဟုတ် သေချာ မသိခဲ့ဘူး။ အဖြစ်က ကျနော့်ရည်းစား ရှည်တယ်ဗျာ သူ ဆိုပါတော့။ သူ့ကို ခင်ဗျား ရည်းစားရှိမရှိသွားမေးကြည့် သူက မရှိဘူးလို့ဖြေလိမ့်မယ်။ ကျနော့်ကိုတော့ ချစ်တယ် ချစ်တယ် ခဏခဏပြောတာပဲ။ ဒါပေမယ့် သူ့မှာ ရည်းစားမရှိဘူးတဲ့။ ဒီတော့ ကျနော့်မှာလည်း ရည်းစားရှိမရှိသံသယဝင်လာတယ်။ ငယ်ငယ်က ထင်တာက ချစ်တယ်ပြောရင် ရည်းစားဖြစ်တယ်လို့ပဲ . . . ကျနော်က သူ့ကိုချစ်လား၊ ကျနော်
မဖြေခဲ့ဘူး။ မဖြေဖြစ်တဲ့ မေးခွန်းတွေတော်တော်များများရှိခဲ့တယ် ဒီလိုနဲ့ ကျနော် စာမေးပွဲခဏခဏ ကျခဲ့တယ် ထင်တာပဲ။ ကျနော့်ရဲ့မေးခွန်းတွေကို ဥပက္ခာပြုခဲ့သူတစ်ယောက်တော့ ကျနော်ဆုတ်ခွာခဲ့ရဖူးတဲ့ မြို့မှာပျော်ရွှင်လျက်ပါပဲ၊ မတရားဘူး ဟုတ်တယ်ဟုတ်။ တကယ်တော့ တရားပါတယ် .. မတရားဘူးလို့ ငိုပြလည်း အတိတ်က ပစ္စုပ္ပန်ဖြစ် စိတ်ကူးယဉ်ဖူးတဲ့ နေ့တွေက အ နာဂတ်ဖြစ်လာမှမဟုတ်ဘဲ။ အဲသည့်နေ့က သူ့မွေးနေ့ဖြစ်လိမ့်မယ် ကျနော်ထင်တယ်၊
မနက်စောစော မြန်မာဝတ်စုံကို သပ်သပ်ရပ်ရပ် လှလှပပ ဝတ်လို့ သူ့လက်ထဲမှာလည်း
ပန်းလှလှတစည်းကိုင်ထားတယ်။ သွက်လက်တက်ကြွနေတဲ့သူဟာ ကျနော့်ဘက်ကို အမှတ်မဲ့လို လှမ်းကြည့်ပြီး ဖယ်ရီပေါ်ကို ပေါ့ပေါ့ ပါးပါးတက်သွားခဲ့တယ်။ အလုပ်က စောစောပြန်ပြီး ဘုရားသွားမှာလား ... တကယ်ဆို ကျနော်လိုက်သွားသင့်တာပေါ့ ဒါပေမယ့် သူပြန်လာမှာကို ကျနော်စောင့်နေခဲ့တယ်။ ကျနော့်ရဲ့ အကြီးမားဆုံးပြဿနာဟာ ဆုံးဖြတ်ချက်တွေ နှေးကွေးလွန်းတာပဲ... နေဝင်သွားခဲ့တယ်။ နောက်နေ့တွေမှာ ကျနော်သူ့ကို အဲသည့် ကားမှတ်တိုင်နားမှာ မတွေ့တော့ဘူး။ သူနဲ့မတွေ့ဖြစ်တဲ့ ရက်တွေမှာ . . . .
သိပ်တော့ ထူးထူးခြားခြားမရှိပါဘူး . . အိပ်ယာဝင်ခါနီး ၁၀ မိနစ်စာလောက်သတိရတာ . . ဒါက ခဏခဏပြောနေစရာလိုလို့လား။ တကယ်လိုအပ်ခဲ့တာ ဘယ်သူများလဲ .. အိမ်ထောင်ပြြုုခင်းထက် ရူးကြောင်ကြောင်နိုင်တာမရှိဘူး ကျနော်ပြောခဲ့တယ်။ နောက်ဆို လက်ထပ်ဖို့အတွက် သက်သေခံလက်မှတ်တွေပါ လိုလာဦးမယ်ဆို တော်တော်ဝေးသွားမှာပဲ။ ကိုးကွယ်သည့် ဘာသာ ဆိုတဲ့ အကွက်ကို အလွတ်ပဲချန်ထားလိုက်တယ်။ သူ ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး မောင် လို့ လူမှား ခေါ်လိုက်တာမျိုး . . . မှတ်မိသလောက် နေရာကလွဲပြီး အရာအားလုံးကို ကျနော်မေ့သွားတာကြာပြီပဲ။ ထပ်မပြောလိုတော့ဘူး ... မနက်ဖြန်သူနဲ့ တွေ့ဖို့ဆို ၇နာရီတိတိ ကားဂိတ်ရောက်ဖို့လိုတယ် . . ဒီနေ့သူ့ကို ငေးရင်း နားထောင်နေမိတဲ့ သီချင်းကို သူ့ကို ပေးနားထောင်ကြည့်ချင်တယ်။
အချေအတင်ပြောရင်း ကျနော်မောလာတယ်၊ ကျနော်အသိချင်ဆုံးက သူ့ရဲ့ ကျနော်မသိနိုင်တဲ့ဇာတ်လမ်းတွေဖြစ်ပြီး ကျနော်အမုန်းဆုံးက သူနဲ့ သူ့ရည်းစားတွေရဲ့ အပြန်အလှန်ပေးစာတွေဖြစ်တယ်။ သူဆိုတာက ကျနော့်ရည်းစားပါ။ သူက ကျနော့်ရည်းစားတကယ်ဟုတ်မဟုတ်တော့ ကျနော်မသိဘူး။ ဘဝမှ ပြဿနာတော်တော်များများကြုံဖူးပေမယ့် ဝိရောဓိတွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဟာ ရလဒ်ကောင်းတစ်ခုကို မျှော်ကိုးတမ်းတရနိုင်တဲ့ ဘက်တစ်ခုခုကိုလိုက်ဖို့တော်တော်ခက်တယ်။ ပစ်ချလိုက်ပြန်ကောက်လိုက် မျှော်လင့်ချက်ဟာ ဒင်္ဂ ါးတစ်ချပ် လိုလား .. ခေါင်းလား ပန်းလား..
ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဟာ အစီစဉ်တကျဖြစ်ချင်လည်း ဖြစ်မယ် . . . သူက ကော . . ဘယ်လိုများလဲ။
(၄)
သူလမ်းလျှောက်တာ သိပ်နှေးလွန်းတယ် သူလမ်းကူးနေတာကို ကြည့်ရင်း ကျနော် ရင်မောမိ။ အရင်နေ့တွေတုံးက အဝါနုနုလေးနဲ့ လှတယ်ထင်မိပေးမယ်.. အခုတော့လည်း အဖြူအပြာလေးနဲ့ ပိုယဉ်နေသလိုလို.. ချစ်တာ မချစ်တာ မပါပဲ စိတ်ဝင်စားနေမိတာမျိုးကို ကျနော်တို့က ငါးမျှားတယ်လို့ခေါ်ကြတယ်.. ငါးမျှားတဲ့အကြောင်းကို သူငယ်ချင်းတစ်ယောက် ရှေ့မှာတော့ပြောလို့မရဘူး။ သူ့မှာ ငါးတွေကို မုန်းတဲ့ အစောင့်အရှောက်ရှိတယ်။ ကျနော်ကတော့ ငါးမလေးကို ငေးရင်း . . . ။ ဟိုဟို ဒီဒီတွေးရင်း . . ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေပြန်တယ်။
အချစ်လား... ဒီစာလုံးပေါင်းကို ငါမမြင်ဖူးပါဘူး တကယ်က ဇီးသီးသည်မဗျိုင်းပုံပြင်လို အချစ်ကို မက်မော ဖက်တွယ်ဖူးသူက အချစ်အကြောင်း ရုတ်တရက်မေ့လျှော့သွားခဲ့တာပေါ့။ ကျနော်ပြောပါတယ် အချစ်က ဘာကြီးမှန်းမှ မသိတာ မခမ်းနားဘူး သေချာတယ်.. တချိန်ကတော့ စပျစ်သီးချိုချိုပဲ .. ကြာတော့ စပျစ်ခွံလို ထွီခနဲ ထွေးထုတ်ပစ်လိုက်တာ.. လောလောဆယ် သူအလှဆုံးပဲ ... စောင့်နေတဲ့ကားဆီက ဖုံးသံမြည်လာတယ်.။
ကိုယ့်မှာ စွဲလန်းခြင်းတွေ သူ့ဆီမှာမဆုံးသေး....။
သူကတော့ လှည့်တောင်မကြည့်သလို ... ကျနော်ငေးနေတာလည်း သိပုံမရ . . စပျစ်သီးလေး..။
(၅)
တစိမ်းတစ်ယောက်ရဲ့ အိပ်ယာထဲမှာပြန်နိုးလာတဲ့မနက်၊ ညကအကြောင်းတွေပြန်စဉ်းစားတာ အရင်လား ကိုယ့်ဘေးက တစ်ယောက်က ဘယ်သူလဲဆိုတာ အရင်စဉ်းစားရမလား။ ကျနော် အရက်မသောက်တာကြာပြီပဲ .. တစ်ခါတုံးကသူနဲ့ အတူရှိဆဲ နှစ်သစ်ကူးညတညမှာ ကျနော် အရက်သောက်ခဲ့တယ်.. မူးတာမှ ခေါင်းကို မထောင်နိုင်တော့တဲ့အထိပဲ ကျနော့်ကို တွဲထူရင်း ရယ်မောနေတဲ့သူ့အပြုံးကို အားယူဖွင့်ကြည့်မိတဲ့ မျက်ခွံတွေကြားက မြင်မိတယ်... ကျနော်မမေ့ဘူး၊ အခုထိ . . ။ ဒါပေမယ့် ကျနော်ဘာလို့ ဒီအိပ်ယာထဲ ရောက်နေလဲဆိုတာကိုတော့ ကျနော်မေ့နေမိတယ် . . .။ အိပ်ယာကနေ ရုံးရောက်သွားတဲ့အထိ စိတ်နဲ့ကိုယ်နဲ့ မကပ် . . . ။ ဘဝမှာ အဆိုးရွားဆုံးဖြစ်ရပ်တွေ သိပ်များများကြုံခဲ့ဖူးပေမယ့် ဒီနေ့လိုမတုန်လှုပ်ခဲ့ဖူးတာအမှန်.. သူဘယ်လိုများရောက်နေတာပါလဲ . . . ကျနော့်အတွက် တော်တော်ဆိုးဆိုးလို့ပြောမထွက်တဲ့ တော်တော်ဆိုးဆိုးပဲ.. တကယ်တော့ ဒါတွေအားလုံးဟာ အစီအစဉ်တကျပဲ ဒါပေမယ့် မျှော်လင့်ထားတာတွေရဲ့ အပြင်ဘက်က အရာတွေ ဆိုက်ရောက်လာတဲ့ အဖြစ်မျိုး . . . တကယ်ဆို မိုးနည်းနည်းတော့ ရွာဖို့ကောင်းတယ်။ တချိန်လုံးမနက်ဖြန်အကြောင်းကို စဉ်းစားရင်း သူနဲ့ ထပ်ဆုံဖို့မျှော်လင့်ရင်း . . . .။
(၆)
ဟာသသိပ်မြောက်ပေမယ့် မရယ်ရတဲ့ ပြက်လုံးတစ်ခုက ကိုယ့်ရည်းစားကို တခြားသူတစ်ယောက်နဲ့ပွေ့ဖက်လျှက်မြင်ရတာပဲ.. သူ က ရယ်ရင်းမောရင်းပြောရှာပါတယ် ဒါဘာမှမဟုတ်ဘူးတဲ့။ သူရယ်မောနေတာမြင်ရတာဟာ သိပ်ကျေနပ်စရာပါပဲ။ ဆိုးတာက ကျနော်မရယ်နိုင်တာပဲ။ အခုအချိန်များ မှန်တချပ်ရှေ့ရပ်မိနေတယ်ဆို ကိုယ်မြင်ရမယ့် ပုံရိပ်ဟာ ချိုတွေဘို့တွေနဲ့ ဟိုအကောင်လိုလိုများဖြစ်မလား မသိဘူး။ သေနတ်တစ်လက်သာ ရှိရင်.. မဖြစ်နိုင်တာမဟုတ်ပေမယ့် .. ခပ်တည်တည်ပဲတွေးကြည့်ပါတယ်.. သေနတ်တစ်လက်သာရှိရင်ပေါ့လေ....။ နောက်ထိုင်ခုံမှာ ထိုင်နေတာမို့ အမှတ်တမဲ့ နောက်ကျောပေါ်ဖြန့်ချထားတဲ့ ဆံပင်တွေကြားက သူ့ပုခုံးသားမွှေးညှင်းနုတွေကြားထဲ မှဲ့နက်ကလေးကို မြင်ဖြစ်အောင်မြင်မိ၊ တကယ်တော့ သေနတ်တစ်လက်မလိုအပ်ခဲ့ပါဘူး ဘဝကို ဒီထက် ရဲရဲတင်းတင်း တပ်မက်ဖို့ရယ် . . . Hard Drive ထဲက အသဲကွဲသီချင်းတွေဖျက်ပစ်လိုက်ဖို့ရယ် . . . ဒီလောက်ပါပဲ . . သ ူမသိမသာလှည့်ကြည့်ဖို့ကြိုးစားပြီး မှ ပြန်လှည့်သွားတာ သတိထားမိတယ်။ ပြောဖူးခဲ့သလိုပါပဲ အချစ်က ဘာမှမဟုတ်ဘူး။ နေရာအတိအကျပြန်ပြောရခက်တဲ့ အိပ်ယာတခုထဲ စိတ်ချလက်ချ အိပ်ပျော်နေတဲ့သူ့ကို တိတ်တိတ်လေး ကျောခိုင်းခဲ့ရတာမျိုး ... အဲသည့်ခဏမှာ ငြိမ်းချမ်းလွန်းတဲ့ သူ့မျက်နှာလေးကို မတို့ထိရက်ငေးရီ မိတဲ့ အချစ်က ကိုယ့်အတ္တကို အလှဲထိုးပစ်ခဲ့တယ်။ နားထောင်နေကျ ဇွန်လရဲ့ မိုးတွေရွာနေတဲ့ နေ့ ဆိုတဲ့ အလန်ဂျက်ဆင် ရဲ့ သီချင်း . . . သေချာတယ် ကျနော် ဘယ်တော့မှ ဖျက်မပစ်ခဲ့ဘူး။
Subscribe to:
Post Comments (Atom)
Designed By Templateism | Seo Blogger Templates
No comments:
Post a Comment